ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပွေးတောင်, ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ ကို ကော်ဖီ စိုက်ပျိုး ထုတ်လုပ်မှု  နှင့် ကော်ဖီနှင့်ပတ်သက် သည့် လေ့လာမှုများ အတွက် Onestop Service ပေးနိုင်ရေး တိုးချဲ့ဆောင်ရွက်သွားမည်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများသည် စက်တင်ဘာလ (၁၄)ရက်နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ ရှိ စိုက်ပျိုးရေးဦးစီးဌာန ဒိုးကွင်ဥယျာဉ်ခြံသို့ရောက်ရှိကြပြီး ဆေးဖက်ဝင် သစ်ခွများ မျိုးထိန်း မျိုးပွားဆောင်ရွက် နေမှုများကိုလည်းကောင်း၊ ဟင်းသီးဟင်းရွက် မျိုးစေ့စိုက်ပျိုးထုတ်လုပ်ခြင်း၊ သုတေသန စမ်းသပ်ကွက်များ ဆောင်ရွက်ခြင်း၊ အဆင့်မြင့် စိုက်ပျိုးနည်းစနစ် ပြန့်ပွားဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများ က ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဒိုးကွင်ဥယျာဉ်ခြံ တွင် လက်ရှိ စိုက်ပျိုးထိန်းသိမ်းထားသော ဆေးဘက်ဝင်သစ်ခွမျိုးများ ကို ကန်တော်ကြီး ရုက္ခဗေဒ ဥယျာဉ်တွင် စုဆောင်းထားရှိသော သစ်ခွများ နှင့် မျိုးဖလှယ်ရေး ၊ ဒေသသစ်ခွ နှင့် ဆေးဘက်ဝင် သစ်ခွမျိုးများ မျိုးသန့်ပွားများ ထုတ်လုပ်ရေးဆိုင်ရာများကို ဆွေးနွေး မှာကြား သည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ပွေးတောင် ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ သို့ ရောက်ရှိကြပြီး မြန်မာနိုင်ငံကော်ဖီအသင်းမှတာဝန်ရှိသူများ၊ ကော်ဖီစိုက်ပျိုး သူများ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ အားတွေ့ဆုံ၍ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများ ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးပြောကြားရာ၌ ပွေးတောင် ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ အနေဖြင့် ကော်ဖီသီးနှံစိုက်ပျိုးထုတ်လုပ်သူများ သိရှိလိုသည့် မြေပြုပြင်ခြင်း၊ မြေဆီ ထည့်သွင်းခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း နည်းပညာများ ၊ အထူးတန်းဝင် ကော်ဖီ ထုတ်လုပ်နည်းများ၊ ကော်ဖီ GAP ထောက်ခံချက် လက်မှတ်ရရှိရေး ဆောင်ရွက်ရန် နည်းလမ်းများ စသည့် နည်းပညာပေးလုပ်ငန်းများ Onestop Service ပေးနိုင်ရေး ၊ ကော်ဖီ စိတ်ဝင်စားသူ ပြည်သူများအတွက် မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုသမိုင်း ၊ ကော်ဖီ စိုက်ပျိုး ထုတ်လုပ်မှု လုပ်ငန်းစဉ်များ နှင့် ကော်ဖီအမျိုးအစား များကို တစ်နေရာ တည်းတွင် ပြည့်ပြည့်စုံစုံ လေ့လာနိုင်ရေး Onestop Service ပေးနိုင်ရေး  လုပ်ငန်းများ တိုးချဲ့ လုပ်ဆောင် ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ သဘာဝနှင့်သယံဇာတထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က ကော်ဖီစိုက်ပျိုးလုပ်ကိုင်ခွင့်ပြုထားသည့် သစ်တောဧရိယာများတွင် သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ချက်များကို  ဆွေးနွေး မှာကြားသည်။

ပြင်ဦးလွင်  တွင် ၁၉၅၃ ခုနှစ် က စတင်တည်ဆောက်ခဲ့သည့် ပွေးတောင် ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ တွင် ကော်ဖီသုတေသန နှင့် ကော်ဖီမျိုးထိန်း မျိုးပွားခြင်း လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိပြီး ကော်ဖီသီးနှံနှင့်ပတ်သက်၍  ပြည်သူများ တစ်နေရာတည်းတွင် လေ့လာနိုင်ကြရန် လိုအပ်သော ပြုပြင်မွမ်းမံခြင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့နယ်  ဆင်လမ်း ကျေးရွာ အနီးတွင် တည်ဆောက်ထားရှိသည့် ဆင်လမ်းရေလှောင်တမံသို့ ရောက်ရှိကြပြီး ဆည်ရေ ဝင်ရောက်မှု ၊ တမံကြံ့ခိုင်မှု နှင့် ရေသိုလှောင်ထိန်းသိမ်းထားရှိမှုများ ကိုလည်း ကောင်း၊ ပြင်ဦးလွင် ရှိ ပြည်သူများအတွက် နေ့စဉ် သောက်သုံးရေများကို ဖြန့်ဝေပေး နေမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးကြရာတာဝန်ရှိသူများက ရှင်းလင်း တင်ပြကြ သည်။ပြင်ဦးလွင် မြို့ရေပေးရေးအတွက် နေ့စဉ် ရေဂါလန် (၁.၅)သန်း ဖြန့်ဝေပေးလျက်ရှိ သည့် ဆင်လမ်းရေလှောင်တမံ ကို တမံအမြင့်(၆)ပေ မြှင့်တင်တည်ဆောက် နိုင်ခဲ့သဖြင့်  နေ့စဉ် ရေဂါလန် (၂.၅)သန်း အထိ တိုးမြှင့်ဖြန့်ဝေပေး နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။