ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရိတ်သိမ်းချိန် လွန်နည်းပညာ ပြန့်ပွားရေး နှင့် လက်တွေ့ အသုံးချရေး လုပ်ငန်းများ ကို တိုးမြှင့် ဆောင်ရွက်

           ပြည်သူများ စားနပ်ရိက္ခာဖူလုံရေး နှင့် အာဟာရဓါတ် ပြည့်ဝစွာစားသုံးနိုင်ရေး အတွက် နိုင်ငံတော်အစိုးရ က မူဝါဒများ ချမှတ် ဆောင်ရွက်လျက် ရှိရာတွင် စိုက်ပျိုး ဧရိယာ တိုးချဲ့ခြင်း၊ တစ်ဧက အထွက်နှုန်း တိုးရေး ဆောင်ရွက်ခြင်း လုပ်ငန်းများ အပြင် ရိတ်သိမ်းပြီး နောက်ပိုင်း ကာလလုပ်ငန်းစဉ်များ၌ ဖြစ်ပေါ်လျက်ရှိနေသည့် လေလွင့်ဆုံးရှုံးမှုများ လျော့ချရေး လုပ်ငန်း ကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့် စိုက်ပျိုး ရေး အဖွဲ့ FAO ၏ ခန့်မှန်းချက်အရ တစ်ကမ္ဘာလုံး၌ နှံစားသီးနှံတွင် ၂၀% ၊ နို့ထွက် ပစ္စည်းနှင့် ငါးလုပ်ငန်းတွင် ၃၀% ၊ ဟင်းသီးဟင်ရွက်နှင့် သစ်သီးဝလံတွင် ၄၀%  အထိ အစားအစာဆုံးရှုံးမှု နှင့် အလေအလွင့် ဖြစ်ပေါ်နေသဖြင့် မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များတွင်လည်း အစား အစာ ဆုံးရှုံးမှု နှင့် အလေအလွင့် လျှော့ချ နိုင်ရေး အတွက် သက်ဆိုင်ရာဌာနများ၊ တောင်သူများ နှင့် ပုဂ္ဂလိကများ ပူးပေါင်း၍ ရိတ်သိမ်းချိန် လွန်နည်းပညာ ပြန့်ပွားရေး နှင့် လက်တွေ့ အသုံးချရေး လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စက်တင်ဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ထုံဘို ရှိ စိုက်ပျိုးရေးဦးစီးဌာန ၊ ရိတ်သိမ်းချိန် လွန်နည်းပညာ သင်တန်းကျောင်း ခန်းမတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေး ပြောကြားသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး သည် ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်း ရှိ ဓါတ်ခွဲခန်းများ၊ ပြုပြင်ထုပ်ပိုးစက်ခန်းများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ သင်တန်းကျောင်းအုပ်ဆရာမကြီး နှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။

ထို့နောက်ရှင်းလင်းဆောင်တွင် ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်း (ထုံးဘို) သင်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးမိခိုင် နှင့် စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) ၊ ကျောင်းအုပ် ဆရာမကြီး၊ ဒေါ်သန်းသန်းဆွေ တို့က သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများအလိုက် ရှင်းလင်း တင်ပြရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဖြည့်စွက် ဆွေးနွေး မှာကြားပြီး ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်း (ထုံးဘို) နှင့် စိုက်ပျိုးရေး သိပ္ပံ (ပုသိမ်ကြီး) တို့မှ ဆရာ ဆရာမ ဝန်ထမ်းများအတွက် ထောက်ပံ့ဆန်များ ကို ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။