လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအခန်းကဏ္ဍကပါဝင်နေကြသည့် မိမိတို့ ဝန်ကြီးဌာန ၊ နေပြည်တော် တိုင်းဒေသကြီး ပြည်နယ် တာဝန်ရှိသူများ အနေဖြင့် သက်ဆိုင်ရာ ဒေသရှိ အဓိကစိုက်ပျိုးရေးထွက်ကုန်တစ်ခုချင်းစီ၏ တန်ဖိုးကွင်းဆက် တစ်လျောက်ကို ထဲထဲဝင်ဝင်သိရှိပြီး လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ကြစေ လိုကြောင်း၊ တောင်သူတစ်ဦးချင်း နှင့် စိုက်ပျိုးမြေတစ်ဧကချင်း၏ ထုတ်လုပ်မှုစွမ်းအားတိုးတက်ရေး နှင့် ဈေးကွက်က လက်ခံသည့် စံချိန် စံညွှန်းများ ပြည့်မီသော အရည်အသွေးကောင်း ထုတ်ကုန်များ ဖြစ်စေရေး အတွက် နည်းပညာများ အပြင် အသိပညာများဖြန့်ဝေ ပေးနိုင်ရေးကိုလည်း အလေး ထား ဆောင်ရွက်ကြစေလိုကြောင်း စက်တင်ဘာ(၉) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် စိုက်ပျိုးရေး ထွက်ကုန်များ ၏ တန်ဖိုးကွင်းဆက် မြှင့်တင်ရေးနှင့် တောင်သူ တစ်ဦးချင်း စိုက်ပျိုးမြေ တစ်ဧကချင်း၏ ထုတ်လုပ်မှုစွမ်းအားတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဆက်စပ်ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ ညွှန်ကြားရေး မှူးများ တက်ရောက်ကြပြီး ၊ တိုင်းဒေသကြီး ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးများက အွန်လိုင်း စနစ်ဖြင့်တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးထုတ်လုပ်သူများနှင့် တန်ဖိုးကွင်းဆက်တွင်ပါဝင်နေကြသူများ၏ တွေ့ကြုံနေရမှုများအပေါ် သုံးသပ်ပြီး မိမိ ဒေသ နှင့် ကိုက်ညီသော တိကျသည့်အစီအမံများ ရေးဆွဲ ဆောင်ရွက်ကြစေလိုကြောင်း၊ တိုင်းဒေသ ကြီး ပြည်နယ်အစိုးရများနှင့် ပြည်ထောင်စုဝန်ကြီးဌာန အကြား ချိတ်ဆက်မှုအား နှင့် အထောက် အပံ့များ ကို ပေါင်းကူး ဆက်စပ်ပြီး နွေးစပါး မိုးစပါးများ မျှော်မှန်း အထွက်နှုန်း ပြည့်မီရေး ၊ စားသုံးဆီဖူလုံရေး၊ ဝါဂွမ်းစိုက်ပျိုးထုတ်လုပ်မှုတိုးမြှင့်ရေး၊ အာဟာရဓါတ် ပြည့်ဝပြီး ဘေးကင်းလုံခြုံသည့် စားနပ်ရိက္ခာ တိုးတက်ထုတ်လုပ်ရေး လုပ်ငန်းများ အပေါ် ကြိုးပမ်းအားထုတ်ကြရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ဖြတ်ကျော် ကာလတွင် ကမ္ဘာ့နိုင်ငံတိုင်း က မိမိနိုင်ငံအသီးသီး၏ စားနပ်ရိက္ခာ လုံလောက်စေရေး အတွက် စိုက်ပျိုးထုတ်လုပ်မှုကို တွန်းအားပေး လုပ်ကိုင်လာကြသဖြင့် စိုက်ပျိုးရေး သွင်းအားစုများ၏ ဈေးနှုန်းများ မြင့်တက်လာလျက်ရှိရာ ဓါတ်မြေဩဇာများ အလေအလွင့်မရှိ အထိရောက်ဆုံး သုံးစွဲနိုင်ရေး နည်းလမ်းများ၊ သဘာဝမြေဩဇာ နှင့် ရောစပ်၍ ကုန်ကျစရိတ်သက်သာစွာ အသုံးပြု နိုင်ရေး နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးရန်လိုအပ်ကြောင်း၊ အခြားတစ်ဘက် တွင်လည်း နိုင်ငံတကာဈေးကွက်၌ လယ်ယာထွက်ကုန်များနှင့် စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက် လျက်ရှိနေသည့် အခွင့်အရေးကောင်းကို ရယူနိုင်ရေးအတွက် အရည်အသွေးပြည့်မီပြီ ဘေးကင်း လုံခြုံသည့် စားနပ်ရိက္ခာများ တိုးတက်ထုတ်လုပ်ရေး အတွက် ဒေသအလိုက် သီးနှံအလိုက် စိုက်ပျိုးရာသီအလိုက် စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက် ကြရန် ဆွေးနွေး မှာကြား သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နည်းပညာနှင့်အသိပညာ ပြန့်ပွားရေး ဆောင်ရွက်နေမှုများ၊ မျိုးစေ့ဖူလုံရေး နှင့် ဓါတ်မြေဩဇာ သွင်းအာစုများ အလေအလွင့် မရှိ ထိရောက်စွာသုံးစွဲနိုင်ရေး၊ စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက် တစ်လျောက် နှောင့်နှေးကြန့်ကြာမှု မရှိ လုပ်ငန်းများ ဆောင်ရွက် နိုင်ရေး စီမံဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက စိုက်ပျိုးရေး ထွက်ကုန်များ ၏ တန်ဖိုးကွင်းဆက်မြှင့်တင်ရေး နှင့် တောင်သူ တစ်ဦးချင်း စိုက်ပျိုးမြေ တစ်ဧကချင်း၏ ထုတ်လုပ်မှုစွမ်းအားတိုးတက်ရေး အတွက် လုပ်ငန်း ကဏ္ဍများ အလိုက် ဆွေးနွေးခဲ့ကြသည်။
COVID-19 ကာလအတွင်း လယ်ယာထွက်ကုန်များ၏ ဈေးကွက် ဈေးနှုန်း ပြောင်းလဲလာမှု ကြောင့် ပုံမှန်လည်ပတ်ရောင်းဝယ်ဖောက်ကားမှု နှင့် ကုန်စည် စီးဆင်းမှု မှန်ကန်ရေးတို့တွင် ပြည်တွင်း၊ ပြည်ပဈေးကွက် လိုအပ်ချက် သတင်း အချက်အလက်များကို စိုက်ပျိုး ထုတ်လုပ် သူ တောင်သူများမှ ကြိုတင်သိရှိနိုင်ရေးအတွက် ရာသီချိန်အလိုက် သီးနှံထွက်ရှိမှု၊ ဈေးကွက် တင်ပို့မှု ဆိုင်ရာ မှတ်တမ်းများ ဆောင်ရွက်ထားရှိပြီး ရေတို ၊ ရေရှည် သီးနှံဈေးကွက်ဆိုင်ရာ နည်းဗျူဟာများ ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုနှစ်မိုးရာသီတွင် ကိုဗစ်-၁၉ တတိယလှိုင်း ဖြတ်ကျော် ခဲ့သော်လည်း သီးနှံစိုက်ပျိုးထုတ်လုပ်မှု စွမ်းအား လျော့ကျမှု မရှိ စေရန် တောင်သူလယ်သမားများ ကြိုးပမ်းအားထုတ်နိုင်ခဲ့ကြသဖြင့် နိုင်ငံတစ်ဝန်း၌ ဩဂုတ် လကုန် အထိ မိုးစပါး စိုက်ဧရိယာ ရည်မှန်းချက်၏ ၉၃% ၊ အစေ့ထုတ်ပြောင်း ၁၀၈% ၊ ဆီထွက်သီးနှံ ၉၄% ၊ ပဲမျိုးစုံ ၈၀% ၊ စိုက်ပျိုးပြီးဖြစ်ကြောင်း သတင်းရရှိသည်။