အစားအစာဘေးကင်းလုံခြုံရေး နှင့် အာဟာရဓါတ်ပြည့်ဝသည့် အသားရိက္ခာဖူလုံစွာ စားသုံး နိုင်ရေးအတွက် မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြစ်သည့် မျိုးထိန်းခြင်း မျိုးသန့် မျိုးပွား ပေးခြင်း နှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းများ ၊ တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင် ကာကွယ်တာဆီးရေးလုပ်ငန်းများ အပြင် သန့်ရှင်းလတ်ဆတ်သော အသားများ ထုတ်လုပ် နိုင်ရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပုဂ္ဂလိက လုပ်ငန်းရှင်များ ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။စက်တင်ဘာလ (၈)ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သည် နေပြည်တော် စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန် ဆေးကု နှင့် သားသတ်ရုံများဌာန နွားပွဲဈေး၊ သုတေသနနှင့် အသားထုတ်လုပ်ရေး လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးကြရာ တာဝန်ရှိသူများက ကော်မတီပိုင် အသားထုတ် နယ်မြေ (ရွှေနံ့သာ) နှင့် အဝေးရောက် (ယာယီ) သားသတ်ရုံများက ၏ နေ့စဉ် အသား ထုတ်လုပ်နေမှုများကိုလည်းကောင်း ၊ အသားထုတ်လုပ်ရေးဌာနခွဲ ၏ လုပ်ငန်းတာဝန်များ နှင့် အသားထုတ်လုပ်ရောင်းချနေသူများ ဈေးခုံရရှိသူများ အား စည်းမျဉ်းစည်းကမ်း များ၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ နိုင်ငံတော်အတွက် အခွန်အခများ အပြည်အဝကောက်ခံနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေး မှာကြား ရာတွင် လူ့သက်တမ်းစေ့ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ကြစေရန် အတွက် ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရပြည့်ဝသော အစားအစာများ စားသုံးနိုင်ရေးသည် အလွန်အရေးပါ ကြောင်း၊ မွေးမြူထုတ်လုပ်ရာတွင် ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ် (GAHP-ဂျီအေအိတ်ပီ) ကို တိတိ ကျကျ လိုက်နာကျင့်သုံးရန်လိုအပ်သည့်နည်းတူ တိရစ္ဆာန် ကုန်သွယ်ခြင်း၊ အသားထုတ်လုပ်ခြင်း၊ ရောင်းချခြင်း စသည့် အသားထုတ်လုပ်မှု လုပ်ငန်းစဉ် တလျှောက်မှ စားသုံးသူလက်ဝယ် ရောက်သည်အထိ ကွင်းဆက်တစ်လျှောက်တွင် သတ်မှတ် စံချိန်စံညွှန်းများ ၊ စည်းကမ်းချက်များကို အသားကဏ္ဍတွင် ပါဝင် ပတ်သူ အားလုံး တို့က လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝ ရေးအတွက် မိမိတို့ဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဌာနများနှင့် လိုအပ်သော ပူးပေါင်း ဆောင်ရွက် မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြင့် ဆွေးနွေးပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။