ပြည်တွင်းစားသုံးသူများ သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သောစားသုံးဆီ စားသုံးနိုင်ရန် နှင့် ဖူလုံရန်၊ ပြည်ပပို့ကုန် တိုးမြှင့်ရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တန်ဖိုး ကွင်းဆက် တစ်လျှောက်ရှိ ပါဝင်ပတ်သက် နေသူများ အားလုံးတွေ့ကြုံနေရသည့် အခက် အခဲများ အား ဝိုင်းဝန်းဖြေရှင်းသွားမည်ဖြစ်ကြောင်း စက်တင်ဘာ(၈) ရက်နေ့က ကျင်းပ ပြုလုပ် ခဲ့သည့် မြန်မာနိုင်ငံ၏ စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဗုဒ္ဓဟူးနေ့ စကားဝိုင်း အစီအစဉ် တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးပြောကြားသည်။
အဆိုပါ စကားဝိုင်း အစီအစဉ်သို့ ညွှန်ကြားရေးမှူးချုပ်များ ပါမောက္ခချုပ်များ နှင့် ဌာနဆိုင်ရာ များ တိုင်းဒေသကြီးပြည်နယ်များမှ ကိုယ်စားလှယ်များ က အွန်လိုင်းစနစ်ဖြင့် ပါဝင် တက်ရောက် ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးအမှာစကားပြောကြားရာတွင် ဆီထွက်သီးနှံ မျိုးကောင်း မျိုးသန့်လိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး ၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်ရန် လိုအပ် သော သွင်းအားစုများ ၊ စိုက်ပျိုးစရိတ်များ ရရှိရေး၊ ဆီထွက်သီးနှံ စိုက်ပျိုး ထုတ်လုပ်ရာ တွင် စက်ကိရိယာများ တိုးချဲ့သုံးစွဲနိုင်ရေး တို့အတွက် စီမံဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များအား ကန်ထရိုက်လယ်ယာစနစ်တွင် ပါဝင်ဆောင်ရွက်ရေး အားပေး ကူညီ လျက် ရှိကြောင်း ၊ ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများအား အရည်အသွေး စနစ်တကျ စစ်ဆေးနိုင်ရန် နှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ရှေ့လုပ်ငန်းစဉ် များ အဖြစ် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားတစ်ဘက်တွင်လည်း မြေပဲ နှမ်း အပြင် အလားအလာကောင်းသော ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးကိုလည်း ရေ မြေ ရာသီ ဥတုများအပေါ် မူတည်၍ ဒေသအလိုက် သီးနှံပုံစံများ ချမှတ်ဆောင်ရွက် သွား မည် ဖြစ်ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံတွင် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်းနှင့် ဆီမုန်ညင်းစသည့် ဆီထွက်သီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိရာ ၂၀၂၀-၂၁ ခုနှစ်တွက် ဆီထွက်သီးနှံ စိုက်ဧက (၇.၄) သန်းစိုက်ပျိုးပြီး မက်ထရစ်တန် (၇.၅) သိန်းခန့် ထွက်ရှိခဲ့ကြောင်း၊ ဆီထွက်သီးနှံထုတ်လုပ်မှု၏ (၆၀%) ခန့်အား စားသုံးဆီအဖြစ် ထုတ်လုပ်လျက်ရှိကြောင်း၊ ဆီအုန်းစိုက်ပျိုးဧက (၄) သိန်းကျော် စိုက်ပျိုးပြီး ဆီသီးခိုင်တန်(၇)သိန်းခန့် ထွက်ရှိသော်လည်း ပြည်တွင်းစားသုံးမှု မလုံလောက်မှုကြောင့် နှစ်စဉ် ပြည်ပမှ စားအုန်းဆီ တင်သွင်းရလျက်ရှိကြောင်း သိရသည်။
နေပြည်တော် ကောင်စီနယ်မြေအတွင်း လေ့လာမှု စစ်တမ်းများအရ ဈေးကွက်အတွင်းရှိ ဆီအမျိုးအစား ပေါင်း (၂၈) မျိုးခန့်ပြီး မြိုပြနေ အိမ်ထောင်စုများ၌ လစဉ် စားသုံးဆီ ကုန်ကျ စရိတ်သည် လစဉ်စားသောက်ကုန်ကျစရိတ်၏ (၁၂.၃၄%) နှင့် ကျေးလက် အိမ်ထောင်စုများ၌ (၁၃.၆၂%) ခန့် ရှိ၍ လူတစ်ဦးချင်းဆီစားသုံးမှုနှုန်းသည် တစ်နှစ်လျှင် (၁၁) ပိဿာခန့် (၁၇.၇၅ ကီလိုဂရမ်) ရှိကြောင်းသိရသည်။
နေပြည်တော်ကောင်စီ နယ်မြေ အတွင်း ဆီစားသုံးမှုနှင့် ဆီအမျိုးအစား စစ်တမ်း ကောက်ယူ သကဲ့သို့ ပြည်နယ် နှင့် တိုင်းဒေသကြီးများတွင်လည်း ဆီစားသုံးမှု နှင့် ဆီအမျိုးအစား စစ်တမ်း ကောက်ယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါစစ်တမ်းများ ထွက်ပေါ်လာမှု ကို အခြေခံ ၍ ပြည်တွင်းစားသုံးမှု ဖူလုံရေး နှင့် ပို့ကုန်တိုးမြှင့်ရေး အစီအမံများရေးဆွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အလားတူ ဆီထွက်သီးနှံများတွင် သီးနှံအလိုက် ပါဝင်သည့် ဆီပါဝင်မှုနှုန်း ပမာဏ အား သိရှိရန် အသေးစိတ်လေ့လာခြင်း၊ ဆီဖူလုံရေး အတွက် အလားလာ ရှိသည့် ဆီထွက် သီးနှံများ ကို ဖော်ထုတ်အသုံးချရေး ၊ ဆီအရည်အသွေး ထိန်းသိမ်းရန်အတွက် ထုပ်ပိုးမှုနှင့် အညွှန်းဖော်ပြမှု စနစ်များကို တိကျစွာလိုက်နာဆောင်ရွက်ရေး၊ ဆီကုန်ထုတ်စွမ်းအား တိုးတက်ရန် နှင့် ထုတ်လုပ်မှု စရိတ် လျော့ချ နိုင်ရန် စက်မှုလယ်ယာစနစ်ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် ၊ ရေ မြေ ရာသီဥတု အနေအထား၊ ဆည်ရေသောက် ဧရိယာများ အပေါ်မူတည်၍ သီးနှံစိုက်ပျိုးမှုစနစ် ပြောင်းလဲ ဆောင်ရွက်နိုင်ရေးတို့ကို တွန်းအား ပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။