မြန်မာနိုင်ငံ၏ သစ်သီးဝလံသွင်းကုန်များအပေါ် စိစစ်ချက်အရ(၃)နှစ်အတွင်း သစ်သီး ဝလံ တင်သွင်းမှု အတွက် အမေရိကန်ဒေါ်လာ သန်း(၅၀)ခန့် နှစ်စဉ် အသုံးပြုလျက်ရှိပြီး လိမ္မော်သီး တင်သွင်းမှုမှာ ၅၀ % ခန့် ဖြစ်ကြောင်း၊ ရေ မြေ ရာသီဥတု စုံလင်သည့် မိမိတို့ နိုင်ငံတွင် သွင်းကုန် အစားထိုး အရည်အသွေးကောင်း သစ်သီးဝလံများ တိုးချဲ့ စိုက်ပျိုး ထုတ်လုပ်နိုင်ရေး အတွက် လိုအပ်သော သုတေသန နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဆွေးနွေးပွဲများ၊ ပြပွဲ ပြိုင်ပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်တင်ဘာလ(၆)ရက်နေ့ က နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ဥယျာဉ်ခြံသုတေသန နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို အဆင့်မြှင့်တိုးချဲ့ဆောင်ရွက်ရေး ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် စက်မှုလယ်ယာသုတေသန အတွက် ဌာနမြေသီးခြားရွေးချယ်ရန် မြေနေရာ ကိုလည်းကောင်း၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန် သုတေသန ဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်သူပြည်သားများ၏ ကျန်းမာကြံ့ခိုင်ရေးအတွက် စားနပ်ရိက္ခာ ဖူလုံရေးတွင် အဟာရဓာတ် ဖူလုံရေးကိုလည်း အဓိကထားဆောင်ရွက်ရန်လိုအပ်လျက်ရှိရာ မြန်မာပြည် မြောက်ဖျားပိုင်း ဒေသတွင် ဂရိတ်ဖရုကိုလည်းကောင်း၊ တောင်ဘက်ပိုင်း မွန် တနင်္သာရီ ဒေသတွင် ကျွဲကော ကိုလည်းကောင်း၊ အခြားဒေသအသီးသီးတွင်လည်းကောင်း လက်ရှိ စိုက်ပျိုးလျက်ရှိရာ လိမ္မော် ရှောက်ချို သံပုရာ စသည့် သီးနှံများကို ရေမြေရာသီဥတု အခြေအနေ ပေးသည့် ဒေသများ၌ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရေး နှင့် ပြည်တွင်း စားသုံးမှု အတွက်သာမက ပြည်ပပို့ကုန် အဖြစ် တင်ပို့ရောင်းချနိုင်ရေး မျှော်မှန်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုနှစ် လိမ္မော် ရာသီမှ စတင်ကာ ဒေသအနှံ့ရှိ လိမ္မော်အပါအဝင် ရှောက်မျိုးရင်းဝင်များ ကို စုစည်း၍ ပြပွဲ ပြိုင်ပွဲများကျင်းပပေးနိုင်ရေး နှင့် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။