သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းသည့် ရှမ်းပြည်နယ်၏ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်း များ တိုးမြှင့် လုပ်ကိုင်နိုင်ရေး၊ ဈေးကွက်ဆိုင်ရာ အခက်အခဲများ ကျော်လွှားနိုင်ရေး နှင့် တန်ဖိုးမြင့် ကုန်ချော ထုတ်လုပ်ရောင်းချနိုင်ရေး၊ မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးလာရေး တို့ အတွက် လိုအပ်ချက်များ ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သည် စက်တင်ဘာလ (၄)ရက်နေ့တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များအား ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆွေးဆုံဆွေးနွေး ခဲ့ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး တွင် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အား တွေ့ဆုံ၍ မွေးမြူးရေး ကဏ္ဍအတွက် လိုအပ်လျက်ရှိသည့် အလယ်အလတ်အဆင့် မွေးမြူးရေးဆိုင်ရာ ကျွမ်းကျင် သူများ သင်ကြားလေ့ကျင့်မွေးထုတ်ပေးနိုင်ရန် မွေးမြူရေး ဒီပလိုမာသင်တန်း ထည့်သွင်း ဖွင့်လှစ် သွားမည့် စိုက်ပျိုးရေးသိပ္ပံကျောင်းများတွင် ပါဝင်သည့် ဟဲဟိုးစိုက်ပျိုးရေး သိပ္ပံကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ရှမ်းပြည်နယ် ၏ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ တိုးမြှင့် လုပ်ကိုင်နိုင်ရေး အတွက် ပြည်ထောင်စု ဝန်ကြီးဌာန နှင့် ပြည်နယ်အစိုးရအကြား ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ရှေ့ဆက် ဆောင်ရွက် မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မွေးမြူရေးကဏ္ဍတွင် ဒေသနေ ပြည်သူများ တစ်ပိုင် တစ်နိုင်မှ စီးပွားဖြစ် အထိ ရင်းနှီးမြုပ်နှံ လုပ်ကိုင်လာရေး အားပေး ကူညီ ဆောင်ရွက်ရန် လိုအပ်ချက်များ ကိုလည်းကောင်း ဆွေးနွေး ခဲ့ကြသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် လယ်ယာကဏ္ဍ ဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ၍ ဒေသနေတောင်သူများ ၏ စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်နိုင်ရေး အတွက် နည်းပညာနှင့် လိုအပ်ချက်များ ကူညီပံ့ပိုး ပေးရေး ၊ သဘာဝဘေး ကြိုတင်ကာကွယ်ရေး နှင့် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက် ရောဂါ နှင့် အပင်ပိုးမွှားရောဂါ စောင့်ကြည့်ထိန်းချုပ်ရေးလုပ်ငန်းဆိုင်ရာများကို လည်းကောင်း ၊ ဒေသ ၏ စားနပ်ရိက္ခာဖူလုံရေး နှင့် ပို့ကုန်တိုးမြှင့်ရေးအတွက် ရာသီအလိုက် ဘဏ္ဍာနှစ်အလိုက် စီမံချက်များ ရေးဆွဲဆောင်ရွက်ရန် ကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးခဲ့ကြသည်။
အလားတူ ညောင်ရွှေမြို့နယ် ရှမ်းရိုးမ မွေးမြူရေးဇုန်တွင် မွေးမြူရေးလုပ်ငန်းရှင်များ အား တွေ့ဆုံ၍ အသားထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးရေး နှင့် မွေးမြူရေးဇုန် အတွင်း ဇီဝလုံခြုံမှု မြှင့်တင် ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ လုပ်ငန်းရှင် များ၏ ဆွေးနွေး တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရေး ဆွေးနွေးမှာကြားခဲ့သည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ဟဲဟိုးစိုက်ပျိုးရေးသိပ္ပံကျောင်း သို့ ရောက်ရှိကြပြီး တိုးချဲ့ဖွင့်လှစ်မည့် မွေးမြူရေး ဒီပလိုမာသင်တန်း အတွက် သင်တန်း အထောက်အကူပြု အဆောက်အအုံများ ၊ အိပ်ဆောင် နှင့် စားရိပ်သာများအား ကြည့်ရှု စစ်ဆေးပြီး ၊ သင်တန်း အကြို ပြင်ဆင်မှုလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ သင်တန်းများ ပြန်လည် ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး လမ်းညွှန်ချက် များ တိကျစွာ လိုက်နာ ကျင့်သုံး ရေး ၊ ကျောင်းသား ကျောင်းသူများ၏ စိတ်အပန်း ပြေစေရေး နှင့် ကိုယ်လက် ကျန်းမာ ကြံ့ခိုင်ရေးအတွက် အားကစားအစီအစဉ်များ ထည့်သွင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိ သူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်း ရရှိသည်။