ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ကြက်သွန်နီ စိုက်ပျိုး ထုတ်လုပ် သိုလှောင် ရောင်းဝယ်မှု ကွင်းဆက်တလျှောက်မှ သက်ဆိုင်သူများနှင့် တွေ့ဆုံ

ပြည်တွင်း စားသုံးမှုနှင့် ပြည်ပတင်ပို့မှုအတွက်အရေးပါသော ကြက်သွန်နီ စိုက်ပျိုး ထုတ်လုပ်သူတောင်သူများ၊ ကုန်သည် လုပ်ငန်းရှင်များ အကြား အပြန်အလှန် အကျိုးပြု နေကြ သည့် စီးပွားဘက်များ အဖြစ် အကျိုးတူပူးပေါင်း ထုတ်လုပ်မှု နှင့် ဈေးကွက်   အခြေအနေ ထိန်းညှိ နိုင်ရေးကို ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မြေပြင်ခြင်း၊ ရိတ်သိမ်းခြင်း လုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်နိုင်ရေးအတွက် စက်ကိရိယာ အသုံးပြုခြင်း ၊ စိုက်ပျိုးရေ စီမံခန့်ခွဲခြင်း နှင့် သွင်းအားစုကို စနစ်တကျသုံးစွဲ၍ စရိတ်လျော့ချခြင်း ၊ အထွက်နှုန်း ကောင်းမွန် ရေး နည်းပညာများ လိုက်နာအသုံးပြုခြင်း စသည်တို့ကို စနစ်တကျလုပ်ကိုင်ဆောင်ရွက် ကြမှသာ ဈေးကွက် ယှဉ်ပြိုင်နိုင်မှာ ဖြစ်ကြောင်း၊ အလားတူ ဈေးကောင်းရချိန်အထိ အရည် အသွေး မထိခိုက်စေရန် သိုလှောင်နိုင်သည့် အဆင့်မြင့်သိုလှောင်ရုံများ အသုံးပြုနိုင်ရေး၊ တန်ဖိုးမြှင့် ကုန်ချောများအဖြစ် ထုတ်လုပ်နိုင်ရေးအတွက် ရင်းနှီးမြုပ်နှံမှုများကို နိုင်ငံတော်အစိုးရ က အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ စက်တင်ဘာလ (၁)ရက်နေ့ က မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည် နှင့် ကူမဲမြို့များမှ ကြက်သွန်စိုက် တောင်သူများ၊ ကြက်သွန်လုပ်ငန်းရှင်များ နှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးပြောကြားသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်နီ စိုက်ဧက နှစ်သိန်းခန့်ရှိပြီး နှစ်စဉ် ပိဿာချိန် သိန်းပေါင်း ခုနစ်ရာကျော် ထွက်ရှိ၍ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးများ နှင့် ရှမ်းပြည်နယ်တို့ တွင် အဓိကစိုက်ပျိုးသည်။ တစ်နိုင်ငံလုံးစိုက်ဧက၏ လေးပုံတစ်ပုံခန့်ကို မန္တလေးတိုင်းဒေသကြီးတွင် စိုက်ပျိုးလုပ်ကိုင်နေသဖြင့် အများဆုံးစိုက်ပျိုးထုတ်လုပ်ရာ ဒေသဖြစ်ပြီး တစ်ဧကပျမ်းမျှ အထွက် သုံးထောင့်ခုနစ်ရာဝန်းကျင်ရှိ၍ နှစ်စဉ် ကြက်သွန်နီ ပိဿာချိန် သိန်းပေါင်းနှစ်ရာ့ သုံးဆယ်ကျော် ထုတ်လုပ်လျက်ရှိသည်။ ကြက်သွန်နီကို အဓိကထား ကုန်သွယ်နေသူများ အနေဖြင့် တန်ချိန် တစ်သိန်းမှ သုံးသိန်းဆန့် သိုလှောင်ရုံများတွင် ဈေးကွက်အပေါ်မူတည်၍ ပျမ်းမျှလေးလခန့် သိုလှောင်ရပြီး အတန်း အစား(၅)မျိုး ခွဲခြားရောင်းချလျက် ရှိကြောင်း သိရသည်။

ရာသီသီးနှံတစ်ခုဖြစ်၍ တစ်ပြိုင်တည်းထွက်ရှိလာသည့် ကြက်သွန်နီများ အတွက်  သိုလှောင်ရုံ များ မပြည့်စုံခြင်း၊ ပြည်ပဈေးကွက် ခိုင်မာမှုမရှိခြင်းများကြောင့် ကြက်သွန်နီ ဈေးကွက် ပျက်ခြင်း ကို မကြာခဏကြုံတွေ့နေကြရသဖြင့် ကြက်သွန်နီ စိုက်ပျိုး ထုတ်လုပ်သည့်  တောင်သူများအတွက် ထိခိုက်နစ်နာမှုများရှိနေမှုများ လျှော့ချပေးနိုင်ရန် ပြည်ထောင်စုဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ က တောင်သူများ၊ လုပ်ငန်းရှင်များ၊ ကုန်သည်များ နှင့် တွေ့ဆုံညှိနှိုင်း အဖြေရှာနိုင်ရေးနှင့် လိုအပ်သည့် ကူညီပံ့ပိုး မှုများ ဆောင်ရွက်ပေးနိုင်ရန် ကွင်းဆင်းတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ကြက်သွန်နီ စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းပြီးနောက်ပိုင်း လုပ်ငန်းစဉ်များတွင် လုပ်ငန်း တွင်ကျယ်ပြီး စရိတ်သက်သာစေရန် စက်ကိရိယာများ အသုံးပြုနိုင်ရေး ၊ ရေသွင်းစနစ် နှင့် ဓါတ်မြေသြဇာ အသုံးပြုမှုစနစ်များ ပြုပြင်ပြောင်းလဲအသုံးပြုနိုင်ရေး တို့အတွက် သက်ဆိုင်ရာ ဌာနများက အကူအညီများ ဆောင်ရွက်ပေးခြင်း၊ လိုအပ်သော လက်တွေ့ အသုံးချ သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် နည်းပညာပေးလုပ်ငန်းများကို ဌာနဆိုင်ရာများအပိုင်းက ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ ထွက်ရှိ လာသည့် ပမာဏနှင့် သိုလှောင်ရုံ မျှတမှုရှိစေရန်၊ ကြက်သွန်အဆင့်အတန်းခွဲခြားစက်များ၊ တန်ဖိုးမြှင့်ကြက်သွန်ခြောက်နှင့် ကြက်သွန်အမှုန့် ထုတ်လုပ်ခြင်းလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ခြင်း၊ ဈေးကွက်သေချာမှုရှိစေရန် ကြိုတင် လေ့လာခြင်း၊ ချိတ်ဆက်ခြင်းလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းရှင်များအပိုင်းက ဆောင်ရွက် နိုင်ရေး လိုအပ်ချက်များကို ကျောက်ဆည် ခရိုင်အတွင်းရှိ ကြက်သွန်နီ စိုက်ပျိုး ထုတ်လုပ်မှု ကွင်းဆက်တလျောက်မှ သက်ဆိုင်သူများနှင့် တွေ့ဆုံ ညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိသည်။