ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ကင်းတားရေလှောင်တမံ ရေသောက်ဧရိယာတွင် စပါး၊ ချည်မျှင်ရှည်ဝါ နှင့်သီးနှံစုံ တစ်နှစ်သုံးသီး စိုက်ပျိုး ထုတ်လုပ်နိုင်ရေး ဆောင်ရွက်

ကင်းတားရေလှောင်တမံ ရေသောက်ဧရိယာတွင် စပါး၊ ချည်မျှင်ရှည်ဝါ နှင့်သီးနှံစုံ တစ်နှစ် သုံးသီး စိုက်ပျိုး ထုတ်လုပ်နိုင်ရေး နှင့် သီးနှံများ အထွက်နှုန်းကောင်းမွန်ရေး အတွက် အားပေး ကူညီလျက်ရှိကြောင်း၊ ဒေသခံပြည်သူများ နှင့် တာဝန်ရှိသူများ ၏ ပူးပေါင်းမှုဖြင့် ဓါတ်မြေ သြဇာများ စနစ်တကျ အသုံးချရေး၊ သဘာဝမြေသြဇာ နှင့် သစ်စိမ်းမြေသြဇာ အသုံးချရေး ၊ ဆည် ကန် ရေလှောင်တမံများ ရေရှည်တည်တံ့ပြီး ရေကိုအလေအလွင့်မရှိစေပဲ အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရေး နှင့် သဘာဝဘေး ကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက် ကြရန်လိုအပ်ကြောင်း စက်တင်ဘာလ (၁)ရက်နေ့ က  ကင်းတား ရေလှောင်တမံ ၊ ကင်းတား ရေလွှဲဆည် နှင့် ရေသောက်စနစ် များအား ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က တာဝန်ရှိသူများအား ဆွေးနွေး ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပန်းလောင်မြစ် ပေါ်တွင် တည်ဆောက်ထားသည့် ကင်းတားရေလှောင်တမံ နှင့် ကင်းတားရေလွှဲဆည်များ ၏ ရေသောက် စနစ်အတွင်း၌ နှစ်စဉ် စပါး ၊ ချည်မျှင်ရှည်ဝါ ၊ ဆီထွက်သီးနှံ နှင့် ပဲမျိုးစုံ ဧက တစ်သိန်း ငါးသောင်း ကျော် လျက်ရှိရာ ရေသောက်စနစ်များအဆင့်မြှင့်တင်ခြင်း၊ စိုက်ပျိုးရေပေးဝေမှု နှင့် ရေစီမံခန့်ခွဲမှု နည်းပညာအသုံးပြုခြင်း၊ ရေလိုအပ်ချက်နည်းပြီး ဝင်ငွေရ သီးနှံအမယ်သစ်များကို စပါးအခြေခံသီးနှံပုံစံတွင် ပြောင်းလဲ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးခြင်းဖြင့် စပါး အပါအဝင် သီးနှံစုံကို တစ်နှစ်သုံးသီး စိုက်ပျိုး ထုတ်လုပ် နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အောက်ရှိ ဦးစီး ဌာနများ ပူးပေါင်း၍ လိုအပ်ချက်များ ဖြည့်ဆည်း ကူညီမှု ပေးနိုင်ရန် ပြည်ထောင်စု ဝန်ကြီး နှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။

         တည်ဆောက်ဆဲ ကျိုင်းခမ်းရေလှောင်တမံ ၏ ရေသွယ်မြောင်းပြီးစီးခဲ့၍ ဇော်ဂျီ ရေလှောင်တမံနှင့် မြို့ကြီးရေလှောင်တမံများမှတဆင့် ကင်းတားလက်ယာမြောင်းသို့ ရေကူပို့လွှတ်ပေးလျက်ရှိရာ ယခုနှစ်စိုက်ပျိုးရာသီအတွက် ရေဧကပေ (၄၈၀၀၀) ကျော် စိုက်ပျိုးရေ ပိုမိုဖြန့်ဝေပေးနိုင်ခဲ့ပြီး ၂၀၂၁ – ၂၀၂၂ စိုက်ပျိုးရာသီအတွင်း စိုက်ပျိုးရေ ဧကပေ တစ်သိန်းကျော်ခန့် ရေကူပေးနိုင်မည်ဖြစ်သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝမ်းတွင်းမြို့နယ် ရွှေတောင်ခြံ သို့ရောက်ရှိကြပြီး ဝါသီးနှံသုတေသနနှင့် နည်း ပညာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို လည်းကောင်း ၊ မျိုးအဖြစ် အသုံးပြုမည့်  ဝါစေ့များ အပင်ပေါက်အားကောင်းမွန်စေရန် နှင့် စက်ဖြင့်အစေ့ချစိုက်ပျိုးနိုင်ရေးအတွက် ဝါစေ့ အမွေးချွတ် သရုပ်ပြခြင်း ကို လည်းကောင်း၊ ချည်မျှင်ရှည်ဝါ စိုက်ခင်းအား Tractor Mounted Boom Sprayer ခေတ်မီစက်ကိရိယာ အသုံးပြု၍ ဆေးဖျန်း နေမှုကို လည်းကောင်း၊ ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာရှိ ဝါမျိုးစေ့ထုတ် စိုက်ခင်း ကို လည်း ကောင်း ကြည့်ရှုစစ်ဆေးပြီး ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်း ရှင်များအသင်း တာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ ဝါစိုက်ပျိုး ထုတ်လုပ်မှု အခြေအနေများ၊ ဝါဂွမ်း နှင့် ဝါစေ့ဆီများ ၏ ဈေးနှုန်း နှင့် ဈေးကွက် အခြေအနေများကို ဆွေးနွေးကြသည်။

ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများ နှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပြောကြားရာ၌ ဝါစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက်  ဌာနဆိုင်ရာအပိုင်းမှ လိုအပ်သည့် မျိုးရရှိရေး နည်းပညာ အသုံးပြုနိုင်ရေး ကို ဆောင်ရွက်ပေးလျက်ရှိရာ ပြည်တွင်းက ထုတ်လုပ်ပြီးသည့် ဝါမျိုးကောင်း မျိုးသန့်များ တိုးတက်စိုက်ပျိုးနိုင်ရေး နှင့် တစ်ဧကအထွက်နှုန်း တိုးရေး အတွက် တောင်သူ နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များပူးပေါင်း၍ အကျိုးတူလယ်ယာစနစ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်ပပို့ကုန်ကဏ္ဍတွင် အောင်မြင် လျက်ရှိသော နှမ်း နှင့် ပဲတီစိမ်းကဲ့သို့ သီးနှံ စိုက်ပျိုး ထုတ်လုပ်မှု တွင် အကျိုးတူလယ်ယာစနစ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းကြောင့် တောင်သူ နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် အကျိုး ကျေးဇူး ခံစားရရှိနေမှုကို နမူနာယူ ဆောင်ရွက် ကြရန် လိုကြောင်း၊ တောင်သူများ တင်ပြသည့် ယာသီးနှံကို စိုက်ပျိုးစရိတ်ချေးငွေ အချိန်မီ ရရှိရေး နှင့် သွင်းအားစုစရိတ် ပိုမိုများပြားသည့် ဝါစိုက်ပျိုးလုပ်ငန်းအတွက် စိုက်ပျိုး စရိတ် ချေးငွေ တိုးမြှင့်ရရှိရေး ၊ အထွက်နှုန်းနှင့် အရည်အသွေး ပိုမိုမြင့်မားသော ပြည်ပမျိုးကောင်း မျိုးသန့်များ တိုးမြှင့် တင်သွင်းအသုံးပြုနိုင်ရေး တို့ကို ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြား သည်။

ထို့နောက် ဝါစိုက်ပျိုးထုတ်လုပ်ရာတွင် ခေတ်မီလယ်ယာသုံးစက်ကိရိယာ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးရေ စီမံခန့်ခွဲရေး၊ မျိုး နှင့် သွင်းအားစု ဆိုင်ရာ လိုအပ်ချက်များကို ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များ နှင့် ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။