ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စားနပ်ရိက္ခာဖူလုံရေး နှင့် အာဟာရ ပြည့်ဝရေး အတွက် အရေးပါသည့် အသားကဏ္ဍ ပိုမိုဖွံ့ဖြိုးရေး ကြိုးပမ်း  

စားနပ်ရိက္ခာဖူလုံရေးအတွက် နိုင်ငံတစ်ဝှမ်းရှိ စိုက်ပျိုးရေး ၊ မွေးမြူရေးလုပ်ငန်းများ အရှိန် အဟုန် မပျက် ဆောင်ရွက်နိုင်ရေး နှင့် တောင်သူများ၊ လုပ်ငန်းရှင်များ ၏ လိုအပ်သော နည်းပညာနှင့် အကူအညီများပေးနိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

စက်တင်ဘာလ(၁)ရက်နေ့တွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ စိုက်ပျိုးရေးသိပ္ပံကျောင်း တွင် တိုးချဲ့ဖွင့်လှစ်မည့် မွေးမြူရေးဒီပလိုမာသင်တန်းများ အတွက် သင်ကြားရေး အထောက်အကူပြု လုပ်ငန်းများ တည်ဆောက် မွမ်းမံနေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီပြီးစီးရေး၊ အထူးပြု ဘာသာရပ် အလိုက် သင်တန်းပို့ချမည့် ဆရာ ဆရာမများ၏ အရည်အချင်းမြှင့်တင်ပေးနိုင်ရေး၊ သင်ကြားမှုသင်ယူမှု မထိခိုက်စေရေးနှင့် ဆရာ ဆရာမများ ကျောင်းသားကျောင်းသူများ ဘေးကင်းလုံခြုံရေးအတွက် ကျန်းမာရေး ဆိုင်ရာ အစီအမံများ ထည့်သွင်းဆောင်ရွက်ရန် လိုအပ်ချက်များကိုဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ငါးဖမ်းရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေး ဗဟိုဌာန (နေပြည်တော်) ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင် က ငါးလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ဆဲလုပ်ငန်းများ နှင့် ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက မြန်မာ့ပင်လယ်ရေပြင်ရှိ သဘာဝ သယံ ဇာတများ လေလွင့်ပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊ ရေချို ရေငန် ငါးသယံဇာတများ ထိန်းသိမ်း ရေး နှင့် မျိုးသုဉ်းပျောက်ကွယ်မှုမရှိစေရေး ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ငါးကဏ္ဍ တိုးတက်ရေးအတွက် သဘာဝရေပြင်မှဖမ်းဆီးထုတ်လုပ်ခြင်း၊ မွေးမြူထုတ်လုပ်ခြင်း နှင့် သဘာဝရေပြင်များတွင် ငါးသားပေါက်များ စိုက်ထည့်ဖြည့်တင်းပေးမှုတို့ကို ဟန်ချက်ညီ ဆောင်ရွက်ရန် လိုအပ်ချက်များအား ဆွေးနွေးမှာကြားသည်။

အလားတူ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း က သဘာဝဘေး ဒဏ်ခံဒေသများသို့ တိရစ္ဆာန်အစာ နှင့် တိရစ္ဆာန်သုံး ဆေးဝါး ဖြန့်ဖြူးပေးနေမှုများကိုလည်းကောင်း၊ မျိုးကောင်း မျိုးသန့်တိရစ္ဆာန် ဖြန့်ဖြူးခြင်း၊ မြစိမ်းရောင် (အသားကဏ္ဍ)ကျေးရွာထူထောင်ခြင်း နှင့် နေပြည်တော်၊ တပ်ကုန်း မြို့နယ်တွင် ခွာနာလျှာနာရောဂါ ကာကွယ်ထိန်းချုပ်ဇုန် တည်ထောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေး လုပ်ငန်းများ ရပ်တန့်ခဲ့သော်လည်း စားနပ်ရိက္ခာဖူလုံရေး အာဟာရပြည့်ဝရေး တို့အတွက် အရေးပါသည့် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရန်နှင့် တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်သူများ အားလုံးက တက်ကြွစွာ ပူးပေါင်း ပါဝင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သဘာဝဘေး တုန့်ပြန် ဆောင်ရွက်ရေး လုပ်ငန်းစဉ်များ ကို စနစ်တကျ ဆောင်ရွက်လျက်ရှိသကဲ့သို့ အခြား တစ်ဘက်တွင်လည်း မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိရစ္ဆာန် ရောဂါ ကာကွယ်ထိန်းချုပ်ရေးဇုံများ ချဲ့ထွင် တည်ထောင်ခြင်း၊ ကျွဲ နှင့် နွား သုတေသန လုပ်ငန်းများ ၊ နို့စားနွား နှင့် ဒေသနွား မျိုးထိန်း မျိုးပွားခြင်း ဆိုင်ရာ အသုံးချသုတေသန လုပ်ငန်းများ ၊ တိုင်းရင်းကြက်ဆိုင်ရာ အသုံးချသုတေသန နှင့် မျိုးထိန်း မျိုးပွားလုပ်ငန်းကို ဒေသအလိုက် တို့းချဲ့ ဆောင်ရွက်ရန် လိုအပ်ကြောင်းဖြင့် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်း ရရှိသည်။