ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် ပုံမှန်အခြေအနေ ပြန်လည် ရောက်ရှိရေး ကြိုးပမ်းစဉ် ကာလ အတွင်း တောင်သူများ နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ လယ်ယာကုန်ထုတ်လုပ်မှု စွမ်းအား အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး ၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေး တို့အတွက် လိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ဒေသအလိုက် လုပ်ငန်း ကဏ္ဍများ အလိုက် စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။
ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ သြဂုတ် ၂၉ ရက် နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ထမုန်ကန်အုပ်စု၊ ညောင်ပင်သာကျေးရွာ ရှိ ပုဂ္ဂလိက နို့စားနွား မွေးမြူရေးခြံ သို့ သွားရောက်ကြပြီး နို့စားနွားမွေးမြူထားရှိမှု ၊ နို့ ၊ ဒိန်ချဉ် နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ် နေမှုများကို ကြည့်ရှုအားပေးပြီး နို့မှုန့်ကုန်ချောစက်ရုံ တိုးချဲ့ လုပ်ကိုင်နိုင်ရေး ၊ ကုန်စည်စီးဆင်းမှုနှင့် ဈေးကွက် မတည်ငြိမ်မှုတို့ကို ကျော်လွှားနိုင်ရေးအတွက် ဆောင်ရွက်ရန် လိုအပ်ချက်များကိုဆွေးနွေးခဲ့သည်။
ထို့နောက် မိတ္ထီလာမြို့နယ် ညောင်စောက် ကျေးရွာအုပ်စု၊ ကံဦးစံပြရွာ အနီးရှိ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန သဖန်းမွေးမြူရေးခြံ နှင့် သဖန်းဆိတ် သုတေသနနှင့် မျိုးထိန်း မျိုးပွားခြံများ တွင် သိုး ဆိတ် မွေးမြူရေးသုတေသန နှင့် မျိုးထိန်း၊ မျိုးပွား လုပ်ငန်း ဆောင်ရွက်နေမှုများ၊ တိရစ္ဆာန်အစာစိုက်ခင်းများ ကို ကြည့်ရှု စစ်ဆေးကြရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်း နှင့် တာဝန်ရှိသူများက ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ ဆောင်ရွက် သွားမည့် လုပ်ငန်း ဆိုင်ရာများ ကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး က ဆိတ်မျိုးရင်းများ ထိန်းသိမ်းရန် လိုအပ်ချက်များ ၊ ဒေသနှင့်သင့်လျော်သည့် ဆိတ်မျိုးရင်းများ ထွက်ပေါ်လာစေရန် သုတေသနလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရန် နှင့် Brahman F2 မျိုး နွားသိုး ထုတ်လုပ်ရေး ၊ ဆိတ်မွေးမြူရေးဆိုင်ရာ ခေတ်မီ နည်းစနစ်များ တွင်တွင် ကျယ်ကျယ် ဖြန့်ဝေပေးရေး နှင့် မျိုးကောင်း မျိုးသန့်ဆိတ်များ ဖြန့်ဖြူး ပေးရေး၊ ကျေးလက်နေ ပြည်သူများ တစ်ပိုင်တစ်နိုင် မှ စီးပွားဖြစ် လုပ်ငန်း အထိ မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရေး အားပေး ကူညီကြရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ မိတ္ထီလာကန် သို့ ရောက်ရှိကြရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် နှင့်တာဝန်ရှိသူများ က မိတ္ထီလာကန် ၏ ရေဝေ ရေလဲ အခြေအနေ ၊ ရေဖြန့်ဝေ ပေးနိုင်မှုနှင့် မိတ္ထလာ ပတ်ဝန်းကျင်ရှိ ဆည်တမံများ၏ ရေဝင် ရောက်မှု ၊ လက်ရှိ ရေသိုလှောင်နိုင်မှု နှင့် ဒေသသောက်သုံးရေ နှင့် စိုက်ပျိုးရေ ပေးဝေနိုင်မှု အခြေအနေများ ကိုရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုကြောင့် သက်ရောက်လာ နိုင်သည့် သဘာဝဘေး ကြိုတင်ကာကွယ်ရေး နှင့် ဒေသသောက်သုံရေ စိုက်ပျိုးရေ ဖူလုံရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
မိတ္ထီလာကန် အနေဖြင့် တောင်ကန်နှင့် မြောက်ကန် ၂ ခုပေါင်း စုစုပေါင်း ကန်ရေပြည့် ရေလှောင် ပမာဏ ၂၄၈၄၆ ဧကပေရှိပြီး အသုံးပြုနိုင်သော ရေပမာဏ ၁၇၂၀၉ ဧကပေ ဖြစ်သည်။ လက်ရှိတွင် မိုးစပါးဧရိယာ ဧက ၁၀၀၀ ကို စိုက်ပျိုးရေပေးဝေလျက်ရှိပြီး ဒေသ၏ သောက်သုံးရေ နှင့် စိမ်းလန်းစိုပြည်ရေးကို အကျိုးပြုလျက်ရှိသည်။ အလားတူ ရှမ်းမငယ် ရေလှောင်တမံ ၊ မုန်တိုင်ရေလှောင်တမံ ၊ ချောင်းကောက်ရေလှောင်တမံ ၊ ချောင်းကောက် ရေလွှဲဆည် ၊ လွန်ငင် ရေလှောင်တမံ ၊ လက်ခုပ်ပင်ရေလှောင်တမံ နှင့် ညောင်ကုန်း ရေလှောင် တမံများကလည်း မိတ္ထီလာ လွင်ပြင် စိမ်းလန်းစိုပြည်ရေး နှင့် စိုက်ပျိုးရေဖူလုံရေးကို အကျိုးပြု လျက်ရှိကြသည်။
ထို့မှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း သို့ရောက်ရှိကြရာ စက်မှုလယ်ယာညွှန်ကြားရေးမှူးချုပ် က သင်တန်းကျောင်း ၏ ရုံးလုပ်ငန်း ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ၊ လယ်ယာသုံး စက်ကိရိယာ မောင်းနှင် ထိန်းသိမ်းမှု သင်တန်းများ၊ လယ်ယာသုံး စက်ကိရိယာ ပြုပြင်ထိန်းသိမ်းမှု သင်တန်းများ၊ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု သင်တန်းများ၊ ပုဂ္ဂလိကကုမ္ပဏီများ အဖွဲ့အစည်း များ နှင့် ပူးပေါင်း ဖွင့်လှစ် သည့် လယ်ယာသုံး စက်ကိရိယာ စက်မောင်း စက်ပြင် ကျွမ်းကျင် မှုမြှင့်တင်ရေး သင်တန်းများအား ဘဏ္ဍာနှစ်အလိုက် ဖွင့်လှစ်ပေးမှုများကို ရှင်းလင်း တင်ပြ သည်။
မိတ္ထီလာ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း အနေဖြင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အထိ သင်တန်းသားစုစုပေါင်း ၄၀၀၀၃ ဦးကို စာတွေ့ လက်တွေ့ ပို့ချပေးနိုင်ခဲ့ပြီး ၊ လယ်ယာသုံး စက်ကိရိယာစက်ပြင် စက်မောင်း ကျွမ်းကျင် အဆင့်(၁) MFEM နှင့် MFEO Level(1) အလုပ်အကိုင် လျာထားချက်အပေါ် စစ်ဆေး အကဲဖြတ် ဆောင်ရွက်ခြင်းကိုလည်း တိုးချဲ့ ဆောင်ရွက်ပေးလျက် ရှိကြောင်းသတင်းရရှိသည်။