ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ (NSC)၏ (၁၉)ကြိမ်မြောက် အစည်းအဝေးကျင်းပ

မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ (National Seed – Related Committee, NSC)၏ (၁၉)ကြိမ်မြောက် အစည်းအဝေး ကို သြဂုတ် ၂၇ ရက် နေ့မွန်းလွဲပိုင်း က အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ ဥက္ကဌ ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး နှင့် ကော်မတီဝင်များ စုံညီစွာတက်ရောက်ကြသည်။

အစည်းအဝေးတွင် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး က အမှာစကား ပြောကြားရာ၌ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ထိမ်းချုပ်ကန့်သတ်မှုများကြောင့်၊ သယ်ယူ ပို့ဆောင် စရိတ် နှင့် ငွေလဲလှယ်နှုန်းများ မြင့်တက်လာပြီး နိုင်ငံတကာ နှင့် ပြည်တွင်း တို့၌ စိုက်ပျိုးရေး သွင်းအားစု ဈေးနှုန်းများ မြင့်တက်နေတက်နေမှုကို အကောင်းဆုံး ရင်ဆိုင် ကျော်လွှား နိုင်ရန် တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ နှင့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများမှ သွင်းအားစုများ တင်သွင်း ဖြန့်ဖြူးခြင်း၊ ကုန်ပစ္စည်း ပြတ်လပ်မှု မရှိရေး နှင့် ဈေးကွက် အတွင်း သင့်တင့်သော ဈေးနှုန်းဖြင့် တောင်သူများ အလွယ်တကူ ဝယ်ယူ သုံးစွဲနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အခြား တစ်ဘက်တွင်လည်း သွင်းအားစုများ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန် ခေတ်စနစ်နှင့် လိုက်လျော ညီထွေမှု မရှိတော့သည့် ကိစ္စရပ်များ ပြုပြင်ပြောင်းလဲကျင့်သုံးနိုင်ရေး လိုအပ်နေမှုများကို ရှာဖွေဖော်ထုတ်ပြီး မျိုးစေ့ ထုတ်လုပ်ငန်း တွင် ပုဂ္ဂလိက နှင့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု တိုးတက် ဝင်ရောက် လာနိုင်ကြစေရန် ဖြေလျှော့ပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ အတွင်းရေးမှူး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က သီးနှံမျိုးသစ် အသိအမှတ်ပြု လက်မှတ် လျှောက်ထား ခြင်း နှင့် စပ်လျဉ်းသည့်လုပ်ငန်းစဉ်များ ၊ လျောက်ထား တင်ပြလာသည့် သီးနှံ မျိုးသစ်များ နှင့် ဖြေရှင်းဆုံးဖြတ်ပေးရန် လိုအပ်သည်များကို တင်ပြရာ အစည်းအဝေး တက် ရောက် လာကြသူများက ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ အနေဖြင့် ယနေ့အထိ သီးနှံ(၇၅)မျိုး ၏ မျိုးကွဲ (၁၂၀၈)မျိုး နှင့် မိဘမျိုးလိုင်း(၁၅၉)လိုင်း၊ စုစုပေါင်း သီးနှံမျိုး(၁၃၆၇)မျိုးကို မျိုးသစ် အသိ အမှတ်ပြု လက်မှတ် ထုတ်ပေးခဲ့ပြီးဖြစ်သည်။

ယနေ့ကျင်းပပြုလုပ်သည့် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ ၏ (၁၉)ကြိမ်မြောက် အစည်း အဝေး တွင် သီးနှံကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့များ(Technical Working Groups, TWGs)နှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ (Technical Seed Committee, TSC) တို့က မျိုးစေ့ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့် စိစစ်ပြီး သဘောထား မှတ်ချက်များ ဖြင့် တင်ပြလာသည့် စမ်းသပ်စိုက်ပျိုးသီးနှံ (၆)မျိုး၏ မျိုးသစ်မျိုးကွဲ (၁၉) မျိုး၊ မှတ်တမ်းတင်ပြီးသည့် သီးနှံ(၁၃)မျိုး၏ မျိုးသစ်မျိုးကွဲ(၅၉)မျိုး နှင့် မိဘမျိုးလိုင်း (၅)စုံ၊ စုစုပေါင်း (၈၃)မျိုး တို့ကို မျိုးသစ် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရေး ဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။