သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးများ၏ အဆင့်မြင့် အရာရှိများ အထူးအစည်းအဝေးများ တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်ဆွေးနွေး

(၄၂)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးများ၏ အဆင့်မြင့်အရာရှိများ အထူးအစည်းအဝေး ကို ၂၀၂၁ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့တွင်လည်းကောင်း၊ (၂၀)ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေး နှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအစည်းအဝေး၏ အဆင့်မြင့်အရာရှိများ အစည်းအဝေးနှင့် (၆)ကြိမ်မြောက် အာဆီယံ−ရုရှား စိုက်ပျိုးရေးဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေးကို သြဂုတ်လ (၂၄)ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတွင် လည်းကောင်း Online စနစ်ဖြင့် ကျင်းပခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အဆင့်မြင့်အရာရှိခေါင်းဆောင်ဖြစ်သူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်ဆွေလင်း ၊ အဖွဲ့ဝင်များဖြစ်ကြသည့် စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန ၊ သမဝါယမနှင့်ကျေးလက် ဒေသဖွံ့ဖြိုး ရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ခဲ့ကြသည်။

(၄၂)ကြိမ်မြောက် အာဆီယံ လယ်ယာ စိုက်ပျိုးရေး နှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်း အဝေးများ၏ အဆင့်မြင့်အရာရှိများ အထူး အစည်း အဝေးတွင် (၃၇)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် (၂၇)ကြိမ် မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေး မှ ထွက်ပေါ်လာသော လမ်းညွှန်ချက်များအားတင်ပြခြင်း ၊ ၂၀၂၁ ခုနှစ်အတွင်း အတည်ပြုမည့် စားနပ်ရိက္ခာ၊ စိုက်ပျိုးရေး နှင့် သစ်တော ဆိုင်ရာလမ်းညွှန်ချက်များ၊ မူဘောင်များ နှင့် ၂၀၂၂ခုနှစ် အတွင်း အပြီးသတ် ရေးဆွဲအတည်ပြုနိုင်ရေးအတွက် အဆိုပြုတင်ပြမည့် လမ်းညွှန်ချက်များ၊ မူဘောင်များ နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခြင်း၊ လုပ်ငန်းအဖွဲ့ အစည်းအဝေးများမှ ထွက်ပေါ် လာသည့် ရလဒ်များကို လုပ်ငန်းအဖွဲ့အစည်းအဝေးများ၏ သဘာပတိများ က တင်ပြ ဆွေးနွေး ခြင်း၊ အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ၊ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာအဖွဲ့အစည်းများတို့၏ ပူးပေါင်း ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများနှင့် ရှေ့လုပ်ငန်း စဉ်များ ကို ညှိနှိုင်းဆွေးနွေးခြင်းနှင့် ၂၀၂၂ခုနှစ် အတွင်း ကျင်းပမည့် အစည်းအဝေး၏ နေ့ရက် နှင့် နေရာတို့ကို ဦးဆောင်မည့်နိုင်ငံ က တင်ပြဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။

(၂၀)ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေး နှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး၏ အဆင့်မြင့် အရာရှိများ အထူးအစည်းအဝေးတွင် (၂၃)ကြိမ်မြောက် အာဆီယံ အပေါင်း သုံး ထိပ်သီးအစည်းအဝေး၊ (၂၃)ကြိမ်မြောက် အာဆီယံအပေါင်းသုံး စီးပွားရေး ဝန်ကြီးများ အစည်းအဝေးတို့မှ ထွက်ပေါ်လာသည့် လမ်းညွှန်ချက်များ၊ အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့၏ အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သော စီမံကိန်းများ၊ အာဆီယံ အပေါင်းသုံး အရေးပေါ် ဆန်အရန်ရိက္ခာထားရှိရေးအစီအစဉ်အရ အကောင် အထည်ဖေါ်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များ၊ အာဆီယံနိုင်ငံများ၏ စားနပ်ရိက္ခာဖူလုံစေရေးဆိုင်ရာ သတင်းအချက်အလက်စနစ်၏ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

(၆)ကြိမ်မြောက်အာဆီယံ−ရုရှား စိုက်ပျိုး ရေး ဆိုင်ရာအဆင့်မြင့်အရာရှိများ အစည်း အဝေး တွင် (၃၇)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး နှင့် (၉)ကြိမ်မြောက် အာဆီယံ စီးပွားရေး ဝန်ကြီးများ နှင့် ရုရှား နိုင်ငံတို့အကြား ညှိနှိုင်းဆွေးနွေးပွဲတို့မှ ထွက်ပေါ်လာသည့် လမ်းညွှန်ချက်များ၊ အာဆီယံ−ရုရှား စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း အစီအစဉ် အရ အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့သည့် စီမံကိန်းများ၊ ဆောင်ရွက်ဆဲ စီမံကိန်းများ  နှင့် ရှေ့လုပ်ငန်းစဉ်များတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။