ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုးရေး အင်ဂျင်နီယာဘွဲ့ သင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆွေးနွေး

         လယ်ယာကဏ္ဍတွင် စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းခြွေလှေ့ပြီးနောက်ပိုင်း လုပ်ငန်း စဉ်များ အထိ စက်ကိရိယာများကို အသုံးပြု လုပ်ကိုင်မှု ဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အမျှ အဆိုပါ စက်ကိရိယာများ နှင့် ပတ်သက်သည့် စီမံခန့်ခွဲခြင်း ၊ တီထွင် ဆန်းသစ်ခြင်း ၊ လက်တွေ့အသုံးချ သုတေသနဆောင်ရွက်ခြင်း လုပ်ငန်းများအတွင် လိုအပ်လာလျက်ရှိသည့် စိုက်ပျိုးရေးအင်ဂျင်နီယာများ မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန နှင့်  သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန တို့ ပူးပေါင်း၍ စိုက်ပျိုးရေး အင်ဂျင်နီယာဘွဲ့ သင်တန်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကို သြဂုတ်လ (၂၃)ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ် (၁၅) ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့် အညီ ကျင်းပပြုလုပ်ရာ အစည်းအဝေး သို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ၊ ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ် နှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေးအင်ဂျင်နီယာဘာသာရပ်များ နှင့် ပတ်သက်၍ ဒီပလိုမာ၊ ဘွဲ့ဒီဂရီ နှင့် ဘွဲ့လွန်ဘာသာရပ်သင်တန်းများ ဖွင့်လှစ်ပေးသွားနိုင်ရေးအတွက် ကျောင်းသားဦးရေ ၊ သင်ရိုးညွှန်းတမ်း ၊ သင်ရိုး မာတိကာနှင့် သင်ကြားမည့် ဆရာ ဆရာမများ အခြေအနေ၊ သင်ကြားမည့်ပုံစံ တို့ကို သက်ဆိုင်ရာ ဌာနများအကြား ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ် နှင့် သင်တန်းအောင်မြင်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဆိုင်ရာများကို ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။