ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ  

စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် နည်းပညာရပ်ပိုင်းကို ဦးဆောင်ဦးရွက်ပြုကြမည့် ပညာရှင်များအဖြစ်   သင်ကြားလေ့ကျင့် မွေးထုတ်ပေးလျက်ရှိသည့် တက္ကသိုလ်များ ၏ အဆောက်အအုံပိုင်းဆိုင်ရာ ဥပဓိရုပ် တိုးတက် ကောင်းမွန်ရေး ၊ သင်ကြားရေးအထောက်အကူပြုပစ္စည်းများ အရည်အသွေး မြင့်မားရေး ၊ သင်ကြား သင်ယူမှုစနစ် အဆင့်အတန်းမြင့်မားရေး လုပ်ငန်းများနှင့်အတူ ဘာသာရပ် အလိုက် သင်ကြားရေး ဆရာ ဆရာမများ၏ အရည်အချင်းမြှင့်တင်ရေးကိုပါ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ကို ဒေသတွင်း တက္ကသိုလ်များ နှင့် ရင်ပေါင်တန်း ဖွံ့ဖြိုးလာရေးအတွက် လိုအပ်သော အဆင့်မြှင့်တင် မွမ်းမံခြင်း ကို ဘဏ္ဍာနှစ်အလိုက် အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သြဂုတ် ၂၁ ရက် နေ့လယ်ပိုင်း က နေပြည်တော် ရေဆင်း တက္ကသိုလ်များနယ်မြေ ရှိ မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က ပြောကြားသည်။

ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီကျင်းပ ပြုလုပ်သည့် အဆိုပါဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် (အငြိမ်းစား) ဒေါက်တာခင်ဇော် ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမာမာဝင်း ၊ ဒုတိယပါမောက္ခချုပ် ၊ ပါမောက္ခဌာနမှူးများ ၊ အငြိမ်းစား ပညာရှင်ကြီး များ နှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

မွေးမြူရေး နှင့် ကုသရေး ဆိုင်ရာ အဆင့်မြင့်နည်းပညာများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ၊ ကျွမ်းကျင်မှုအရည်အသွေးမြင့်မားစွာဖြင့် မွေးမြူရေး ကဏ္ဍ အတွက် လိုအပ်သော ပညာရှင်များ စဉ်ဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် ၊ ကျောင်းဆင်း မောင်မယ်များ အတွက် အလုပ်အကိုင် အခွင့်အလမ်း သေချာမှုရှိစေရန် တို့ကို ရည်ရွယ်၍ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ဘက်စုံ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပုံမှန်စာတွေ့ သင်ကြားမှုအပြင် အွန်လိုင်းစနစ်ဖြင့် လေ့လာသင်ယူနိုင်ရေး ၊ သုတေသန နှင့် လက်တွေ့ လုပ်ငန်းခွင် ကျွမ်းကျင်မှု သင်ယူနိုင်ရေး တို့ကိုပါထည့်သွင်း ဆောင်ရွက် နိုင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။