ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မွေးမြူရေးဆိုင်ရာသုတေသနဦးစီးဌာန ဖွဲ့စည်းဆောင်ရွက်နိုင်ရေးနှင့် ချင်းပြည်နယ်၏ နွားနောက်မွေးမြူမှုလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာရေး လုပ်ငန်းညှိနှိုင်း

မွေးမြူရေးဆိုင်ရာသုတေသနဦးစီးဌာန ဖွဲ့စည်းဆောင်ရွက်နိုင်ရေး နှင့် ချင်းပြည်နယ်၏ နွားနောက် မွေးမြူမှုလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို သြဂုတ် ၁၈ ရက် နေ့ မွန်းလွဲပိုင်း က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့် ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာ၌ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန နှင့် ငါးလုပ်ငန်းဦးစီးဌာနများ ၌ သုတေသနဌာနစုများ၊ ဒေသဆိုင်ရာ သုတေသန စခန်းများ ရှိနေကြသော်လည်း သားငါးကဏ္ဍကြီး တစ်ခုလုံးအတွက် အားကောင်းသော သုတေသန လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၊ သုတေသန လုပ်ငန်း အတွက် သီးခြားဘဏ္ဍာ ရန်ပုံငွေ သတ်မှတ်ပြီး ထိရောက်သော နည်းပညာရပ်ဆိုင်ရာ သုတေသန နှင့် လက်တွေ့အသုံးချ သုတေသနများ ဖော်ထုတ် ဆောင်ရွက်နိုင်ရန် ၊ သုတေသနဦးစီးဌာန နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် တို့ အပြန်အလှန် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင်ခြင်းဖြင့် အရည်အသွေး ပိုမိုမြင့်မားသည့် မွေးမြူရေးဆိုင်ရာ ပညာရှင်များ မွေးထုတ်ပေးနိုင်ရန် တို့ကို ရည်ရွယ်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ၏ လမ်းညွှန်ချက်နှင့်အညီ မွေးမြူရေးဆိုင်ရာ သုတေသန ဦးစီးဌာန ကို ဦးစီးဌာနသစ်တစ်ခု အဖြစ် ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ ချင်းပြည်နယ်၏ စီးပွားရေး နှင့် လူမှုရေး နယ်ပယ်တွင် အရေးပါပြီး ဒေသရေမြေ ရာသီဥတု အရ စီးပွားဖြစ်မွေးမြူ ထုတ်လုပ်နိုင်သည့် နွားနောက် မွေးမြူမှုလုပ်ငန်း ပိုမို ဖွံ့ဖြိုးလာရေး အတွက် လိုအပ်ချက်များဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်ရန် ယနေ့အစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ တာဝန်ရှိသူများ အနေဖြင့်  သက်ဆိုင်ရာ ကဏ္ဍများအလိုက် လိုအပ်ချက်များ လှစ်ဟာမှုမရှိစေရေး ဆွေးနွေးဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြား သည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ ငါးလုပ်ငန်းဦးစီးဌာန နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ် နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် တင်ပြဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် မွေးမြူရေးဆိုင်ရာသုတေသနဦးစီးဌာန အသစ်ဖွဲ့စည်းဆောင်ရွက်ရေး အတွက် ဦးစီးဌာန ဖွဲ့စည်းပုံမူကြမ်းရေးဆွဲထားရှိမှု နှင့် နှစ်အလိုက် ဘဏ္ဍာရန်ပုံငွေ သတ်မှတ် နိုင်ရေး ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ အဆင့်မြင့် နည်းပညာရပ် ဆိုင်ရာ သုတေသန လုပ်ငန်းများ နှင့် လက်တွေ့အသုံးချသုတေသန လုပ်ငန်းများအတွက် ဘာသာရပ်အလိုက် ဦးစားပေး အဆင့် သတ်မှတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မွေးမြူရေး နှင့် ငါးလုပ်ငန်းဆိုင်ရာ သုတေသနများ ဆောင်ရွက်သွားမည်ဖြစ်၍ လက်ရှိဆောင်ရွက်ဆဲ သုတေသနဌာနစုများ၊ သုတေသန စခန်းများ အဆင့်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ချင်းပြည်နယ်၏ နွားနောက် မွေးမြူမှုလုပ်ငန်း ပိုမို ဖွံ့ဖြိုးလာရေးအတွက် လိုအပ်ချက်များ နှင့် စီးပွားဖြစ်မွေးမြူ ထုတ်လုပ်နိုင်ရေး အတွက် မွေးမြူမှုစနစ်ပြောင်းလဲရေး၊ မျိုးမြှင့်တင်ရေး၊ အစာကျွေးစနစ်ပြောင်းလဲ ပေးရေးနှင့် ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ထုတ်လုပ်၍ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး အစီအမံများကို လည်းကောင်း အသေး စိတ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။