ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးစပါး ၊ နွေစပါး နှင့် သီးနှံ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်

         ရာသီဥတုပြောင်းလဲသက်ရောက်လာမှုကြောင့် ဆည်ရေလှောင်တမံများ၏ ဝင်ရေ ကျဆင်း လာသဖြင့် သီးနှံစိုက်ပျိုးမှု အတွက် စိုက်ပျိုးရေ ပေးဝေနိုင်မှု လျှော့ကျခဲ့ပြီး နွေစပါး စိုက်ပျိုးထုတ်လုပ်မှုလည်း လျော့နည်းလာခဲ့ရာ စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေး ထွက်ကုန်များ တင်ပို့ရောင်းချမှုအပေါ် ထိခိုက်မှုမရှိစေရန် မိုးစပါးရာသီတွင် သီးနှံစိုက်ပျိုး ထုတ်လုပ်မှုစွမ်းအားမြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန က သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာနများ၊ ပုဂ္ဂလိကများ၊ တောင်သူများ နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

 စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးစပါး ၊ နွေစပါး နှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက် ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ (၁၀)ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ရာ  အစည်းအဝေး သို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်း အတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များတက်ရောက် ဆွေးနွေးခဲ့ကြသည်။

          အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာ၌ မြန်မာနို်ငငံ၏ ဒုတိယစပါးကျီတစ်ခုဖြစ်လာပြီး ပဲမျိုးစုံ ဆီထွက်သီးနှံနှင့် စိုက်ပျိုးရေးထွက်ကုန်အမယ်စုံ ထုတ်လုပ် လျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး အနေဖြင့် သဖန်းဆိပ်ရေလှောင်တမံကို အဓိက ထားပြီး နွေစပါးသီးနှံကို စိုက်ပျိုးထုတ်လုပ်ခဲ့ရာ မိုးရွာသွန်းမှုလျော့နည်းခဲ့မှုကြောင့် ဆည်များ၏ ရေပေးဝေနိုင်အပေါ်မူတည်၍ ၂၀၁၉ခုနှစ်မှစတင်၍ နွေစပါးစိုက်ပျိုးမှုလျော့ကျခဲ့ရ ကြောင်း၊ သို့ဖြစ်ရာ ပြည်တွင်း စားသုံးမှုနှင့် ပြည်ပပို့ကုန်အပေါ် ထိခိုက်မှုမရှိစေရန် လာမည့် မိုးစပါးရာသီ အတွက် သီးနှံစိုက်စွမ်းအား နှင့် ထုတ်လုပ်မှုပမာဏတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဌာနများ က ထိရောက်သည့် အစီအမံများရေးဆွဲဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆည်ရေလေလွင့်မှု မရှိစေရန် နှင့် အကျိုးရှိထိရောက်စွာအသုံးချနိုင်ရေးအတွက် ရေပေးမြောင်း ရေသောက်မြောင်း များ အားလုံးတွင် ရေသုံးစွဲသူအဖွဲ့ဝင်တောင်သူများ နှင့် ညှိနှိုင်း၍ ရေပေး ဝေမှု ရေသုံးစွဲမှုကို စနစ်တကျစီမံခန့်ခွဲသွားရမည်ဖြစ်ကြောင်း၊ အလားတူ စိုက်နည်းစနစ်များ မှန်ကန်ရေး၊ ပိုးမွှား ရောဂါ ကျရောက်မှုကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ် နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း ၊ စရိတ်ကြီးမားသည့် ဓါတ်မြေသြဇာ နှင့် သွင်းအားစုများ သုံးစွဲမှုလျှော့ချနိုင်မည့် နည်းပညာများဖြန့်ဝေပေးခြင်း၊ စိုက်ပျိုးစရိတ်အချိန်မီရရှိရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ကြိုတင်ညှိနှိုင်းခြင်း၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ဖြစ်ပေါ် လာပါက ထိခိုက်မှုအနည်းဆုံးဖြစ်စေရေးနှင့် အချိန်မီ ကုစားနိုင်ရေးအတွက် လိုအပ်သော စက်ကိရိယာများ၊ အရန်မျိုးများ စုဆောင်း ထားရှိ ခြင်း ၊ သွင်းအားစုများအပါအဝင်လိုအပ်သော အစီအမံများ ကြိုတင် ဆောင်ရွက်ထားရှိရန် လိုကြောင်း၊ စိုက်ပျိုးထွက်ရှိလာမည့် သီးနှံများ၏ ရိတ်သိမ်းချိန်လွန် လေလွင့်မှု လျှော့ချနိုင်ရေး အတွက် ရိတ်သိမ်းခြွေလှေ့စက်များ အခြောက်ခံ စက်များ အသုံးပြုနိုင်ရေး၊ သယ်ယူ သိုလှောင်မှု အဆင်ပြေ ချောမွေ့စေရး နှင့် ရိတ်သိမ်းပြီး နောက်ပိုင်း ကာလများ တွင် ကြုံတွေ့နိုင်သည့် လေလွင့်ဆုံးရှုံးမှုများ ကျော်လွှားနိုင်ရေး လုပ်ငန်းများ ကို ကာလအလိုက် သီးနှံအလိုက် စီမံချက်များဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

          ထို့နောက် ဦးစီးဌာနများအလိုက် ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာ ကဏ္ဍများ အလိုက် လုပ်ငန်းများဆောင်ရွက်ထားရှိမှုတို့ကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီး တို့က လိုအပ်ချက်များ ဖြည့်ဆည်းဆွေးနွေးခဲ့ကြသည်။

          ယခုနှစ်မိုးစပါးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီး ၌ ဆည်ကန်ရေဖြင့် ဧရိယာ ဧက ခြောက်သိန်းခုနစ်သောင်းကျော်၊ မြစ်ရေတင်ဖြင့် ဧက လေးသောင်းရှစ်ထောင်ကျော် ၊ မြေအောက် ရေဖြင့် ဧက တစ်သောင်းခုနစ်ထောင်ကျော် ၊  မိုးကောင်းသောက်ဖြင့် ဧက ဆယ်သိန်း ခုနစ်သောင်းကျော်ဖြင့် စုစုပေါင်းမိုးစပါးဧက တစ်ဆယ့်ရှစ်သိန်းကျော် စိုက်ပျိုး သွားမည် ဖြစ်ကြောင်း၊ ဆည်ရေသောက်လယ်များကို ဩဂုတ်လကုန်၊ စက်တင်ဘာလဆန်းတွင် ကွင်းပိတ် စိုက်ပျိုးနိုင် မည်ဖြစ်ပြီး မိုးကောင်းသောက် လယ်များကို စက်တင်ဘာလ(၁၅)ရက် တွင် လည်းကောင်း၊ ရေကျနောက် စိုက်စပါးများကို စက်တင်ဘာ(၁၅)ရက် သို့မဟုတ် စက်တင်ဘာ လကုန်တွင် ကွင်းပိတ်စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊  ချင်းတွင်းမြစ် နှင့် ဧရာဝတီမြစ်တို့၏ မြစ်ရေလွှမ်းမိုးချိန် ကြာမြင့်မှုနှင့် ရာသီဥတု အပြောင်းအလဲရှိပါက ရေကျနောက်စိုက် စပါး အချို့မှာ အောက်တိုဘာလ ပထမပတ်အထိ နောက်ကျ သွားနိုင် ကြောင်း၊ မိုးသီးနှံများ အားလုံး၏ လျာထား စိုက်ဧကများ ပြည့်မီရေးနှင့် အထွက်နှုန်း တိုးတက်ရေး အတွက် လိုအပ်ချက်များ ဖြည့်ဆည်း ကူညီပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။