ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ချင်းပြည်နယ်အတွင်း ဝမ်းစာစပါးဖူလုံရေး နှင့် စားနပ်ရိက္ခာဖူလုံရေး ဆောင်ရွက်  

ချင်းပြည်နယ် တွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ဈေးကွက်အခက်အခဲရှိခြင်း၊ လုပ်သား အခက်အခဲရှိခြင်း၊ လုပ်အားခ ကြီးမြင့်ခြင်း ပြည်ပသွားရောက် လုပ်ကိုင်သော မိသားစု ဝင်များ၏ လွှဲပြောင်းပေးပို့ငွေ အပေါ် မှီခိုခြင်း နှင့် အဆိုပါဝင်ငွေကို အသုံးပြု၍ ဆန် နှင့် လိုအပ် သော စားသောက်ကုန်သီးနှံများကို ကလေးလွင်ပြင် နှင့် ဂန့်ဂေါလွင်ပြင်မှ ရာသီမရွေး သွားရောက် ဝယ်ယူစားသုံးနေကြခြင်း ၊ ဝင်ငွေနည်းမိသားစုဝမ်းစာ ဖူလုံရန်သာ စိုက်ပျိုးခြင်း ကြောင့် စိုက်ပျိုး ထုတ်လုပ်မှု သိသာစွာလျော့ကျလာခဲ့ရာ ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ အထိ (၅)နှစ်တာကာလ အတွင်း မိုးစပါး၊ နွေစပါး စိုက်ပျိုး ထုတ်လုပ်မှုတွင် စိုက်ဧရိယာ(၈၂၈၅၂)ဧက မှ (၆၈၆၄၁)ဧက အထိ လျော့ကျခဲ့သဖြင့် (၁၇)ရာခိုင်နှုန်းခန့် လျော့နည်းလာခြင်းဖြစ်သကဲ့သို့ အထွက်နည်းသည့်  တောင်ယာ စပါး စိုက်ပျိုးမှုကြောင့် စပါးအထွက်နှုန်းများလည်း သိသာစွာ ကျဆင်းလာခဲ့သည်။ အလားတူ ဂျုံ၊ အစေ့ထုတ်ပြောင်း(စားပြောင်း) နှင့် အခြားသီးနှံများ၏ စိုက်ဧက နှင့်အထွက်နှုန်းများ သိသာစွာ လျော့ကျလာသဖြင့် ဒေသဝမ်းစာစပါးဖူလုံရေး နှင့် စားနပ်ရိက္ခာဖူလုံရေးလိုအပ်ချက် ဖြစ်ပေါ် နေမှုကို ထိရောက်စွာ ကုစားနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများက သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက် သွားနိုင်ရန်ရေးအတွက် သြဂုတ် ၉ ရက်နေ့ မွန်းလွဲပိုင်း က အွန်လိုင်းစနစ်ဖြင့်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့် ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ ချင်းပြည်နယ် ၏ ပြည်နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာ၌ ဒေသဝမ်းစာစပါးဖူလုံရေး နှင့် စားနပ်ရိက္ခာဖူလုံရေး လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထူးသဖြင့် ဒေသနေ ပြည်သူများ၏ ပူးပေါင်းပါဝင်မှု အားကို ရယူဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပြည်ပမှ ပြန်လည် ရောက်ရှိနေကြသည့် လူငယ်များ၏ လုပ်ငန်းအတွေ့အကြုံများနှင့် အံဝင်ခွင်ကျ ဖြစ်စေမည့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အခြေခံသော အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း၊ ဒေသနေပြည်သူများ၏ လတ်တလော စားဝတ်နေရေး ချောင်လည်စေရန် ၊ လူနေမှု အဆင့်အတန်းမြင့်မားလာရန် နှင့် ရေရှည်တွင် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းဖြင့် မိမိဒေသဖွံ့ဖြိုးရေး ကို စွမ်းဆောင်နိုင်သော မျိုးဆက်များပေါ်ထွန်းလာရေးကို မျှော်မှန်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။ချင်းပြည်နယ်အတွင်း ဝမ်းစာစပါးဖူလုံရေး နှင့် စားနပ်ရိက္ခာဖူလုံရေး လုပ်ငန်းများအဖြစ် မျိုးကောင်း မျိုးသန့် နှင့် သွင်းအားစု ဖြန့်ဖြူးပေးခြင်း၊ နည်းပညာ ပေးခြင်း၊ စိုက်ပျိုးရေ ရရှိရေး ဆောင်ရွက်ပေးခြင်း၊ ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ခြင်း၊ တောင်စောင်း စိုက်ပျိုးနည်း စနစ်(SALT) ကျင့်သုံးနိုင်ရေးဆောင်ရွက်ပေးခြင်း ၊  ဒေသရေမြေရာသီဥတု နှင့် ကိုက်ညီပြီး တောင်သူအတွက် အကျိုးအမြတ်ရရှိစေမည့် သီးနှံပုံစံများချမှတ်ပေးနိုင်ရေးအတွက် သုတေသန လုပ်ငန်းများ ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရွှေရင်အေး မျိုးသန့်မျိုးပွားမျိုးစေ့ (Registered Seed-RS) မှ စီးပွါးဖြစ် မျိုးသန့် မျိုးစေ့ (Certified Seed-CS) မျိုးစပါး ထုတ်လုပ် စိုက်ပျိုးခြင်းကို ဖလမ်းခရိုင်၊ ဟားခါးခရိုင်၊ မင်းတပ်ခရိုင်(၃)ခရိုင် ရှိ မြို့နယ် (၈)မြို့နယ်၌ (၈၃)ဧက အကောင်အထည်ဖေါ် ဆောင်ရွက် ပေးခဲ့သဖြင့်  ရွှေရင်အေးစပါး (CS)မျိုးသန့်မျိုးစေ့ (၆၃၂၀) တင်း ထုတ်လုပ်နိုင်ခဲ့ပြီး ကျေးရွာ (၂၂)ရွာအတွက် မျိုးစပါးများ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ နည်းပညာ လက်ကမ်းစာစောင် (၄၀၁၀)စောင်ဖြန့်ဝေနိုင်ခဲ့ပြီး နည်းပညာပေးဆွေးနွေးပွဲ နှင့် ကွင်းသရုပ်ပြပွဲ (၄)ကြိမ် ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မွေးမြူရေးကဏ္ဍအတွက် မျိုးကောင်းမျိုးသန့်ဖြန့်ဖြူးရေးအဖြစ် ဒေသနွားနှင့်နွားနောက် ၂၇၅ ကောင် ကို ပြည်နယ်ရန်ပုံငွေဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး နွားမွေးမြူမှု ဖွံ့ဖြိုးလာရေး အတွက် ဒေသနွားမျိုးများအား မျိုးမြှင့်သားစပ်ပေးခြင်း၊ နွားနောက်မွေးမြူရေးဆိုင်ရာ သုတေသနများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း အတွက် နေဗီယာမြက် နှင့် မွန်ပါးစားမြက်(၁၉)ဧက စိုက်ပျိုးနိုင်ရေး နှင့် မြို့နယ် (၆)မြို့နယ် ၌ (၁၀)ဧက တိုးချဲ့ စိုက်ပျိုး နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ၊ ချင်းပြည်နယ် တွင် မွေးမြူနိုင် သည့် ဆိတ်မျိုးများ ဆန်းစစ်ခြင်း၊ မျိုးဖြန့်ခြင်း၊ မွေးမြူရေးနည်းစနစ် ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်နှင့် မန္တလေး စစ်ကိုင်းတိုင်းဒေသကြီးများမှ  ငါးများ တင်ပို့နေရပြီး ရေရှည် တွင် ဒေသအတွက် ငါးရိက္ခာ ဖူလုံ စေရန်ဆောင်ရွက်လျက်ရှိရာ ရမ်ထလိုစခန်း နှင့် ခိုင်ကမ်စခန်းများမှ ငါးသားပေါက်ကောင်ရေ ၆၅၀၀၀၀ ထုတ်လုပ်လျက်ရှိပြီး သဘာဝမြစ်ချောင်းများ ဆည်ကန်များအတွင်း  ယနေ့အထိ ငါးသောက်ပေါက်ကောင်ရေ လေးသိန်းလေးသောင်း ကို လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ မကြာမီ မင်းတပ်တွင် ငါးသားပေါက် စခန်း တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။