ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

နေ့စဉ်နေထိုင်မှုပုံစံသစ်ကို မိမိတို့၏ လုပ်ငန်းခွင်နှင့် လိုက်လျောညီထွေမှု ရှိအောင် ကြံဆောင် ဖန်တီး ၍ စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

 

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သြဂုတ် ၈ ရက်နေ့က ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း နှင့် နေပြည်တော်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း တွင် တိုးချဲ့ ဖွင့်လှစ်မည့် မွေးမြူရေးဒီပလိုမာသင်တန်း သင်ကြားရေး အထောက်အကူပြု မွေးမြူရေးခြံ တည်ဆောက်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ က ရှင်းလင်းတင်ပြကြသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲ ၏ မျိုးစေ့အရည်အသွေးစစ်ဆေးခန်း သို့ရောက် ရှိကြပြီး မျိုးစေ့အရည်အသွေး စစ်ဆေးစစ်ဆေးခြင်း လုပ်ငန်း အဆင့်ဆင့် နှင့် မျိုးစေ့ အရည်အသွေး ထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်းလုပ်ငန်းများကိုလည်းကောင်း၊ မျိုးစေ့အအေးခန်း သိုလှောင် ခန်း တွင် မျိုးစေ့များ သိုလှောင် ထိန်းသိမ်းထားရှိမှုများ ကို လည်းကောင်း၊ GAP နည်းပညာပေး ဟင်းသီး ဟင်းရွက်စံပြစိုက်ကွင်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ က ရှင်းလင်း တင်ပြကြ သည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က ဆွေးနွေးမှာကြားရာတွင် ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါ  ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာ၍ နေ့စဉ် လူမှုဘဝ နေထိုင်မှု ပုံစံသစ်ကို မိမိတို့၏ လုပ်ငန်းခွင်နှင့် လိုက်လျောညီထွေမှုရှိအောင် ကြံဆောင် ဖန်တီး ၍ ဖြစ်နိုင်သမျှ လုပ်ငန်း များမှ စတင်လုပ်ဆောင်သွားကြရန်လိုအပ်ကြောင်း၊ နည်းပညာ ပြန့်ပွားရေး လုပ်ငန်းများ နှင့် သုတေသနလုပ်ငန်းများ အနေဖြင့် ကိုဗစ် ၁၉ တားဆီး ကာကွယ်ရေး အစီအစဉ်များ အား တိကျစွာ လိုက်နာဆောင်ရွက်နိုင်သည့် လုပ်ငန်းများဖြစ်၍ အရှိန်အဟုန် မပျက် ဆက်လက် အကောင်အထည် ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော နည်းပညာနှင့် အကူအညီများပေးနိုင်ရေးကို အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ၊ ဖောက်ပြန် သက်ရောက်လျက်ရှိသည့် ရာသီဥတုကြောင့် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ အပေါ် သက်ရောက်နိုင်သည့် သဘာဝဘေး ဖြစ်စဉ်များကြိုတင်တားဆီးကာကွယ်ရေးနှင့် သဘာဝဘေး ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေး ပြောကြားသည်

ထိုမှတဆင့် ဒုတိယဝန်ကြီး နှင့် အဖွဲ့သည် ဆင်သေကျေးရွာ ရှိ ပုဂ္ဂလိက ကြက်မွေးမြူရေးခြံ တွင် အသားစားကြက်မွေးမြူထားရှိမှုများကို ကြည့်ရှုအားပေးကြပြီး ရာသီဥတုဒဏ် နှင့် ကူးစက်ရောဂါများကြောင့် မွေးမြူထုတ်လုပ်မှုအပေါ်ထိခိုက်မှုမရှိရေး၊ ကျန်းမာရေးနှင့် ညီညွတ်စွာ ထုတ်လုပ်ရေး ဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။ အဆိုပါ ကြက်မွေးမြူရေး ခြံတွင် လက်ရှိ ကြက်ကောင်ရေ သုံးသောင်းခြောက်ထောင်မွေးမြူထားပြီး တစ်ကြိမ်လျင် ကြက်သား ပိဿာ ၃၂၄၀၀ ထုတ်လုပ်ပေးလျှက်ရှိသည်။

၎င်းနောက် ဒုတိယဝန်ကြီး နှင့် အဖွဲ့သည် ပျဉ်းမနား ငါးလုပ်ငန်းစခန်းသို့ ရောက်ရှိကြပြီး GAqP (ဂျီအေကျူပီ) စနစ် ငါးမွေးမြူရေးစံပြကန် တည်ဆောက်နေမှုလုပ်ငန်းခွင်အား ကြည့်ရှု စစ်ဆေးကြရာ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ပျဉ်းမနား ငါးလုပ်ငန်းစခန်း အနေဖြင့် ယခုနှစ် ငါးမျိုးစိုက်ထည့်ရာသီအတွက် ငါးသားပေါက် ကောင်ရေ သိန်းလေးဆယ် ထုတ်လုပ်ပေးရန်လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ငါးသားပေါက် ကောင်ရေ တစ်ဆယ့်ခုနစ်သိန်း ထုတ်လုပ်ပေးနိုင်ခဲ့ပြီး သြဂုတ်လကုန်တွင် ငါးသားပေါက် ကောင်ရေ သိန်းနှစ်ဆယ် ထုတ်လုပ်ပေးနိုင်ရေးနှင့် စက်တင်ဘာလအတွင်း လျာထားငါးသားပေါက်များ အားလုံး ထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။