၁။ ၂၀၂၀–၂၀၂၁ ခုနှစ် မိုးရာသီအတွင်း နိုင်ငံတစ်ဝှမ်းတွင် မိုးသီးနှံဧက (၁၆.၅)သန်းကျော် စိုက်ပျိုးပြီးသည့်အနက်မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေကြီးခြင်းနှင့် ပင်လယ်ဒီရေ မြင့်တက်ခြင်းတို့ကြောင့် ဇူလိုင်လကုန်တွင် မိုးသီးနှံဧက(၇)သောင်းကျော် ရေကြီးနစ်မြုပ် လျက်ရှိပါသည်။
၂။ တောင်သူလယ်သမားများ၏ ရေကြီးနစ်မြုပ်ပျက်စီးသွားသော မိုးစပါလယ်မြေများအား အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် အောက်ဖော်ပြပါနည်းလမ်းများ အသုံးပြု၍ လိုက်နာဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်အပ်ပါသည် –
(က) အရန်ပျိုးများဖြင့် ပြန်လည်အစားထိုးစိုက်ပျိုးခြင်း၊
(ခ) သက်လတ်နှင့် သက်ကြီးစပါမျိုးများကို သက်တမ်းရက်(၆၀)အတွင်းရှိ စပါး စိုက်ခင်းမှ သားတက်ခွဲ၍ ပွားများစိုက်ပျိုးခြင်း၊
(ဂ) သက်လျင်စပါမျိုး (ရက်–၉၀၊ ရွှေသွယ်ရင်၊ ထိုင်းနှံကောက်) စသည်များဖြင့် ပျိုးထောင်စိုက်ပျိုးခြင်း (သို့) Drum Seeder အသုံးပြု၍ တိုက်ရိုက်အစေ့ချ စိုက်ပျိုးခြင်း၊ ပျိုးဖျာလိပ် ပျိုးထောင်နည်း (Dapog Method)ကိုအသုံးပြု၍ ပျိုးထောင် စိုက်ပျိုးခြင်း၊
(ဃ) အမြန်ဆုံး ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရန် ကောက်စိုက်စက်များ အသုံးပြု စိုက်ပျိုးခြင်း၊
(င) မပျက်စီးပဲ ထိခိုက်နိုင်သော စပါးခင်းများအား ရေသွင်းရေထုတ် ပြုလုပ်ပေးပြီး သဘာဝမြေဩဇာနှင့် ပုလဲဓါတ်မြေဩဇာ (၃:၁) အချိုးဖြင့် ရောစပ်ထည့်သွင်း ပေးခြင်း၊
(စ) ထိခိုက်သောစပါးခင်းများတွင် ပိုးမွှားရောဂါကျရောက်မှု အခြေအနေ စစ်ဆေး လျက် လိုအပ်သော ကာကွယ်နှိမ်နှင်းခြင်းများ ဆောင်ရွက်ခြင်း၊
၃။ ရေကြီးနစ်မြုပ်မှုမရှိပဲ ပုံမှန်ကောင်းမွန်နေသော စပါခင်းများအား အထွက်နှုန်းတိုးတက်ရေး အတွက် ပေါင်းမြက်နှိမ်နှင့်းခြင်း၊ ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးညီ အချိန် ကိုက် ထည့်သွင်းခြင်း၊ ပိုးမွှားရောဂါကျရောက်မှုမရှိအောင် ကာကွယ်နှိမ်နှင်းခြင်း၊ ရေသွင်း ရေထုတ် ဆောင်ရွက်ခြင်းများကို အထူးဂရုပြုဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါသည်။
၄။ ရေကျသွားချိန်၌ ရေကြီးနစ်မြုပ် ပျက်စီးပြီး မိုးစပါးပြန်လည်အစားထိုး စိုက်ပျိုးနိုင်ခြင်းမရှိ သည့် ဧရိယာများတွင် ရေမြေဒေသနှင့် ကိုက်ညီသည့်သီးနှံများကို အချိန်မီ အပြည့်အဝ ပြန်လည်အစားထိုးစိုက်ပျိုးသွားနိုင်ရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်သွားကြရန်လည်း လိုအပ်ပါသည်။
၅။ သို့ဖြစ်ပါ၍ ရေကြီးနစ်မြုပ်၍ ပျက်စီးသွားသော လယ်ယာမြေများတွင် သီးနှံများ အချိန်မီ ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များ ကူညီပံ့ပိုးပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊စက်မှုလယ်ယာဦးစီးဌာန၊ လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနများအနေဖြင့် အသင့် ကြိုတင်ပြင်ဆင်ပြီးဖြစ်ပါ ကြောင်းနှင့် သီးနှံရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ပါက တောင်သူလယ်သမားများအနေဖြင့် မိမိတို့နှင့်နီးစပ်ရာ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရှိ အထက်ဖော်ပြပါ ဌာန/ရုံးများတွင် လိုအပ်သည့် အကူအညီများ ရယူဆောင်ရွက်နိုင်ပါ ကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန