ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မွေးမြူရေး ထုတ်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ရေး အားပေးကူညီ

ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေး နှင့် ပုံမှန်အခြေအနေ ပြန်လည် ရောက်ရှိရေး ကြိုးပမ်းစဉ် ကာလများအတွင်း စားနပ်ရိက္ခာ ဖူလုံရေး နှင့် ပြည်သူများ အာဟာရဓါတ်ပြည့်ဝစွာ စားသုံး နိုင်ရေး အတွက် စိုက်ပျိုးမွေးမြူသူ တောင်သူများ ပုဂ္ဂလိကများ၏ ထုတ်လုပ်မှုစွမ်းအား ရှင်သန် ပြည့်ဝစေရန် နည်းပညာနှင့်လိုအပ်ချက်များ စဉ်ဆက်မပြတ်ကုညီဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန က ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သြဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်းရှိ ပုဂ္ဂလိကမွေးမြူရေးခြံ ၊ နို့ပေါင်းစက်ရုံ၊ ဒိန်ချဉ် နှင့် နို့ထွက်စားသောက်ကုန်ထုတ်စက်ရုံများ သို့ကွင်းဆင်း ကြည့်ရှု အားပေးပြီး လိုအပ် ချက်များ ဖြည့်ဆည်းပေး နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

၂၀၁၉-၂၀၂၀ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်း အရ ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်း ဒေသနွားကောင်ရေ ၁၃၈,၆၅၂ ကောင် ၊ နို့စားနွား ၃၀,၁၀၅ ကောင် ၊ ဒေသကျွဲ ၃၀,၁၀၅ ကောင် ၊ နို့စားကျွဲ ၅၂၄ ကောင် မွေးမြူလုပ်ကိုင်လျက်ရှိကြကြောင်း၊ ဒေသနေ ပြည်သူများ ၏ စားသုံးမှု အတွက် အသား ၊ နို့ နှင့် နို့ထွက်ပစ္စည်း ဖူလုံမှုရှိသည့်အပြင်  ပြည်တွင်းဈေးကွက် သို့ တင်ပို့ ရောင်းချလျက်ရှိကြောင်းသိရသည်။

မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် လိုအပ်သော တိရစ္ဆာန်ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းများ၊ ရောဂါပျံ့နှံ့မှု နှင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ၊ တိရစ္ဆာန်အစာနှင့် ဆေးဝါး သုတေသန လုပ်ငန်းများ၊ ပို့ကုန် သွင်းကုန်နှင့် ပြည်တွင်းအသုံးပြုမည့် တိရစ္ဆာန်အစာများ၏ အဟာရ တန်ဖိုး နှင့် အဆိပ်အတောက်ပါ၀င်မှု စစ်ဆေးပေးခြင်းလုပ်ငန်းများ ၊ နယ်စပ်ဖြတ် ကျော် တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ၊ လွှတ်ကျောင်း မွေးမြူ ခြင်းမှ  စိုက်ပျိုး ကျွေးမွေးရေးစနစ် ၊ အာဟာရ ပြည့်ဝသည့် တာရှည်ခံ တိရစ္ဆာန်အစာ ချဉ်ဖတ် ပြုလုပ် ကျွေးမွေးရေး နည်းစနစ်အသုံးပြုနိုင်ရေးလုပ်ငန်းများ အပါအဝင် မွေးမြူရေး ဆိုင်ရာ ခေတ်မီနည်း ပညာ အသိပညာပြန့်ပွားရေး လုပ်ငန်းများ ကို ဆောင်ရွက်ပေးလျက်ရှိရာ မွေးမြူရေးတောင်သူများ ၊ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် နီးစပ်ရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးများ တွင် ဆက်သွယ်အကူအညီ ရယူနိုင်ကြကြောင်း သတင်း ရရှိသည်။