ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုး မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးရေး လုပ်ငန်းများ ကို ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ အရှိန်အဟုန် မပျက် ဆက်လက် အကောင်အထည်ဖော်

ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါ ထိန်းချုပ်ရေးကာလ အတွင်း စိုက်ပျိုးရေး မွေးမြူရေး ဆိုင်ရာ သင်ကြားရေး သင်ယူရေးဆိုင်ရာများ ကို ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များ နှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာန ၏ အဓိက လုပ်ငန်းများ ဖြစ်သည့် စိုက်ပျိုးရေး မွေးမြူရေး ဆိုင်ရာ ပညာရှင်များ လေ့ကျင့် သင်ကြား မွေးထုတ်ပေးရေး လုပ်ငန်းများ ၊ သုတေသနလုပ်ငန်းများ နှင့် နည်းပညာ ပြန့်ပွားရေးလုပ်ငန်းများ အနေဖြင့် ကိုဗစ် ၁၉ တားဆီးကာကွယ်ရေး အစီအစဉ်များ အား တိကျစွာလိုက်နာ ဆောင်ရွက်နိုင်သည့် လုပ်ငန်းများ ဖြစ်၍ အရှိန်အဟုန်မပျက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အလားတူ သဘာဝဘေး ကြိုတင်ကာကွယ်ရေး နှင့် တုန့်ပြန်ဆောင်ရွက်ရေး အစီအမံများ အပါအဝင်  ဆောင်ရွက်နိုင်သမျှ လုပ်ငန်းများအားလုံးကို သက်ဆိုင်ရာ ကဏ္ဍ အလိုက် တာဝန်ရှိသူ အဆင့်ဆင့်တို့က စနစ်တကျကြပ်မတ် ဆောင်ရွက်ပေး ကြ စေ လို ကြောင်း သြဂုတ် ၄ ရက်နေ့က တက္ကသိုလ်များ နှင့် သုတေသနလုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးစဉ်  စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများသည် နေပြည်တော် ရေဆင်း တက္ကသိုလ်များ နယ်မြေရှိ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်သို့ ရောက်ရှိကြပြီး နောက်ဆုံးနှစ်ကျောင်းသား ကျောင်းသူများ၏ စာမေးပွဲဖြေဆိုနေမှုကိုကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများ အတွက် ဒိန်ချဉ် နှင့် ကြက်ဥများကို ပါမောက္ခချုပ် ထံပေးအပ်ခဲ့သည်။

ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပလျက်ရှိသည့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်စာမေးပွဲတွင် ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်မှ Doctor of Medicine (DVM) ဘွဲ့အတွက် ၄၆ ဦး၊ Bachelor of Animal Science(B.A.Sc) ဘွဲ့အတွက် ၁၁ ဦး တို့ ဖြေဆိုလျက်ရှိကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများ လက်တွေ့ လေ့လာ နိုင်ရေး နှင့် တိရစ္ဆာန် ကျန်းမာရေး ဝန်ဆောင်မှု ပေးလျက် ရှိသည့် တိရစ္ဆာန်ဆေးရုံ နှင့် နွားမွေးမြူရေးခြံများကို ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်၏ သင်ကြားရေး သင်ယူရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေးနှင့် ကျောင်းဆင်း လူငယ်များ အတွက် အလုပ်အကိုင် ရရှိရေးအတွက်  မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် နှင့် မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန တို့ ညှိနှိုင်း ဆောင်ရွက် ရန်လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။

ထို့နောက် စိုက်ပျိုးရေးတက္ကသိုလ် အစည်းအဝေးခန်းမတွင် ပါမောက္ခချုပ် နှင့် ဒုတိယ ပါမောက္ခချုပ်များ ၊ ပါမောက္ခဌာနမှူးများအား တွေ့ဆုံ၍ ဆောင်ရွက်ဆဲ သင်ကြား သင်ယူရေး ဆိုင်ရာများ နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများအားဆွေးနွေးမှာကြားသည်။

စိုက်ပျိုးရေးတက္ကသိုလ် အနေဖြင့် ဇွန်လ ၂၄ ရက်နေ့မှ စ၍ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများအား ခေါ်ယူဖွင့်လှစ်ခဲ့ပြီး အထူးပြုဘာသာရပ်(၇)ခုအတွက် ပုံမှန် လေ့လာ သင်ယူ ခြင်း၊ စာတမ်းပြုစုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယခင်က လက်တွေ့ လုပ်ငန်းခွင် လေ့လာမှု ကို သက်ဆိုင်ရာ ဌာနများ ခြံများ တွင် ဆောင်ရွက်၍ စာတမ်းပြုစုတင်သွင်းခြင်း လူတွေ့ စာတမ်း ဖတ်ကြားခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ အသက်ရှု လမ်းကြောင်း ဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါ ကာကွယ်ရေး နှင့် သင်ကြားသူ သင်ယူသူများ ဘေးကင်းလုံခြုံရေးအတွက်  ကျောင်းသား ကျောင်းသူများ တင်သွင်းလာသည့် စာတမ်းများကို စစ်ဆေးခြင်း ၊ အွန်လိုင်းစနစ်ဖြင့် စာတမ်း ဖတ်ကြား တင်ပြခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပြီး အောင်စာရင်းများကို အောက်တိုဘာ လတွင် ထုတ်ပြန်ကြေညာပေးနိုင်ရေး ဆောင်ရွက်သွား မည်ဖြစ်သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန သို့ ရောက်ရှိကြပြီး နိုင်ငံတစ်ဝန်းရှိ သုတေသနခြံများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ နှင့် ချင်းတောင်တန်း ဒေသ တွင် ဆောင်ရွက်မည့် သီးနှံအလိုက် သုတေသနလုပ်ငန်းဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာန နှင့်ပူးပေါင်း၍ အသုံးချသုတေသနလုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။