ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် ပုံမှန်အခြေအနေ ပြန်လည် ရောက်ရှိရေး ကြိုးပမ်းစဉ် ကာလ အတွင်း ပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ကို ကျန်းမာရေး ဆိုင်ရာ ညွှန်ကြား ချက်များနှင့် အညီ အရှိန်အဟုန်မပျက် လုပ်ကိုင် နိုင်ကြသဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး စားဝတ်နေရေး ချောင်လည်မှုရှိစေရန် ဖြစ်နိုင်သမျှနည်းလမ်းများကို ဖော်ထုတ် အသုံးပြု ၍ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး ပြည်နယ် ဒေသအသီးသီး၏ မတူညီသော ရေမြေရာသီဥတု အခြေ အနေများ ကို အကျိုးရှိ ထိရောက်စွာ အသုံးပြု၍ စိုက်ပျိုး မွေးမြူရေး ထုတ်ကုန်များ အမယ်စုံလင် စွာ တိုးတက် ထုတ်လုပ်ပေး နိုင်ခြင်း ဖြင့် စားနပ်ရိက္ခာဖူလုံရေးသာမက အာဟာရဓါတ် ပြည့်ဝရေး ကို အထူး အာရုံစိုက် ဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း သြဂုတ် (၃)ရက်နေ့ နံနက်က ကျင်းပပြုလုပ် သည့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ ၏ ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး တွင် ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြား သည်။
အစည်းအဝေးသို့ ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန်းအောင်ကျော် ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ အဖွဲ့ဝင်များ က သက်ဆိုင်ရာဌာနများမှ တဆင့် Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ဗဟိုကော်မတီ အတွင်းရေးမှူး ဦးသက်နိုင်ဦး က အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းစာတွဲများကို တင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက လုပ်ငန်း အကြောင်းအရာ တစ်ခုချင်း အလိုက် ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။
မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ ကို အသုံးပြု၍ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ရာသီ အချိန်အမီ လုပ်ကိုင်ဆောင်ရွက်နိုင်ကြစေရန်၊ အများပြည်သူကိုအကျိုးပြုစေမည့် ဒေသ ဖွံ့ဖြိုးရေး၊ သာသနာရေး လူမှုရေး လုပ်ငန်းများ ကြန့်ကြာမှုမရှိစေပဲဆောင်ရွက်နိုင်ကြစေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ဒုတိယအကြိမ်ကျင်းပပြုလုပ်သည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ အစည်းအဝေးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး နည်းလမ်းအရ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး အစည်းအဝေးတွင် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထား လာမှုများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများက သဘောထား မှတ်ချက်ဖြင့် ပြန်ကြား လာသည့် ဌာနဆိုင်ရာလုပ်ငန်းစာတွဲများ၊ မွေးမြူရေးဆိုင်ရာ၊ သာသနာရေးဆိုင်ရာ နှင့် ကျေးရွာ ၊ မြို့ပြမြေ ဆိုင်ရာ ကိစ္စရပ်များ ကို လည်းကောင်း၊ တိုင်းဒေသကြီး ပြည်နယ် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီများ ၏ တင်ပြလာသည့် လုပ်ငန်းကိစ္စရပ်များ နှင့် ပတ်သက်၍ လည်းကောင်း၊ မြေခွန် ကင်းလွတ်ခွင့် ကာလ နှင့် မြေခွန်နှုန်းထားတို့အတွက် သဘောထားပြန်ကြားလာမှု ၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိထားသူများ၏ မြေခွန်ပေးသွင်း ထားရှိမှုနှင့် မြေခွန်ပေးသွင်းရန် ကျန်ရှိမှု အခြေအနေများ ကိုလည်းကောင်း ဆွေးနွေး ဆောင်ရွက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။