မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် စိုက်ပျိုးရေးနှင့် သစ်တော ထွက်ကုန်များ တိုးမြှင့်ရေးဆိုင်ရာ အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီ ၏ (၂၈)ကြိမ်မြောက် အစည်းအဝေး ကို ဇူလိုင်လ (၁၅) ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၄၃) အစည်းအဝေး ခန်းမတွင် အခြေပြု၍ အွန်လိုင်းဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပ ပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တက်ရောက် ၍ အဖွင့်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ Food, Agriculture and Forestry Division မှ Senior officer-Mr. Dian Sukmajaya နှင့် Officer- Ms. Gemilang Haifa Khairinissa ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့ဝင်များ နှင့် အာဆီယံမိတ်ဖက်အဖွဲ့ အစည်းများဖြစ်သည့် AFoCO ၊ European Forest Institute ၊ FAO တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး စီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည် က အစည်း အဝေး သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံ ကိုယ်စားလှယ်များအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေး သုတေသန ဦးစီး ဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာန တို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း မှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက် ခဲ့ကြသည်။
စိုက်ပျိုးရေးနှင့်သစ်တောထွက်ကုန်ပစ္စည်း(၁၂)မျိုးဖြစ်သည့် ပင်လယ်ရေမှော်နှင့် ပင်လယ်ရေ မှော်အခြေခံထွက်ကုန်၊ ကိုကိုး နှင့် ကိုကိုးအခြေခံထွက်ကုန်များ၊ အုန်းနှင့် အုန်းအခြေခံထွက်ကုန်များ၊ ကော်ဖီ၊ သစ်တောထွက်ကုန်ပစ္စည်းများ (ကျွန်းသစ် နှင့် အခြားသစ်တောထွက်ကုန်ပစ္စည်းများ)၊ ဆီအုန်း၊ ပဲမျိုးစုံ၊ ငရုတ်ကောင်း၊ ပီလောပီနံ အခြေခံထွက်ကုန်များ၊ လက်ဖက်၊ တူနာ (ငါးနှင့်စည် သွပ်ဗူး)နှင့် ပိုးချည်ထွက်ကုန်များကို ရေရှည်တည်တံ့သောစနစ်များဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး အတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
စိုက်ပျိုးရေးနှင့်သစ်တောထွက်ကုန်ပစ္စည်း(၁၂)မျိုးအနက် ပဲမျိုးစုံကဏ္ဍအတွက် မြန်မာနိုင်ငံ က ဦးဆောင်နိုင်ငံအဖြစ်တာဝန်ယူဆောင်ရွက်လျှက်ရှိပြီး စိုက်ပျိုးရေးဦးစီး ဌာန၊ စိုက်ပျိုးပညာပေးရေးဌာနခွဲ ၊ ညွှန်ကြားရေးမှူး က National Coordinator အဖြစ် လည်းကောင်း၊ ကိုကိုး နှင့် ကိုကိုးအခြေခံ ထွတ်ကုန်များ အတွက် ဥယျာဉ်ခြံ၊ ဟင်းသီး ဟင်းရွက် နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ ညွှန်ကြားရေးမှူး က မြန်မာနိုင်ငံဆိုင်ရာ National Focal Point အဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်လျှက် ရှိကြောင်း၊ အခြား စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများ နှင့် စပ်လျဉ်း၍လည်း အာဆီယံ အဖွဲ့ဝင် နိုင်ငံများ နှင့်အတူ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း၊ အာဆီယံဒေသအတွင်း ပဲမျိုးစုံ သီးနှံထွက် ကုန်ဆိုင်ရာ လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပဲမျိုးစုံဆိုင်ရာ လုပ်ငန်းစဉ် (၂၀၁၉-၂၀၂၄) (Strategic Plan of Action on Peas and Beans, 2019-2024) အရ အကောင်အထည်ဖော်ဆောင်ရွက်မှု လုပ်ငန်းများ၊ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် စိုက်ပျိုးရေးထွက်ကုန်များ၏ ဈေးကွက်အပေါ် ထိခိုက်နေမှုကို တုန့်ပြန်ကျော်လွှား နိုင်မည့် နည်းလမ်းများ၊ ပို့ကုန်ဈေးကွက်တည်ငြိမ်ရေး၊ တင်ပို့ ရောင်းချမှုများ ခိုင်မာ အားကောင်း လာစေရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည့် အကောင်းဆုံးနည်းလမ်းများကို ညှိနှိုင်း ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။