သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

တိရစ္ဆာန်အစာပင်စိုက်ပျိုးနည်း၊ မြက်နှင့်ပြောင်း ချဉ်ဖတ် ပြုလုပ်နည်းများ လက်တွေ့ သင်တန်းဖွင့်လှစ်

လွှတ်ကျောင်းမွေးမြူရေးစနစ်မှ စိုက်ပျိုးကျွေးမွေးသည့် မွေးမြူရေးစနစ်ထွန်းကားလာစေရန် နှင့် အာဟာရပြည့်ဝသည့် အစားအစာများကို လုံလောက်စွာအသုံးပြုနိုင်ခြင်းကြောင့် အချိန်တို အတွင်း တိရစ္ဆာန်များ၏ ဖွံ့ဖြိုးကြီးထွားရှိစေသဖြင့် မွေးမြူရေးလုပ်ကိုင်သူအတွက် အကျိုးအမြတ် ပိုမိုရရှိစေရန် တိရစ္ဆာန်အစာပင် စိုက်ပျိုးကျွေးမွေးနိုင်ကြရန် နှင့် မြက်နှင့်ပြောင်းချဉ်ဖတ် ပြုလုပ် သုံးစွဲနိုင်ကြစေရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန က လိုအပ်သော နည်းပညာပြန့်ပွားရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်လ(၁၀)ရက်နေ့က နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရွှေမြို့ ၌ အဲဗာဂရင်းဂရပ်စ်(Ever Green Grass)မြက် လက်‌တွေ့စိုက်ပျိုးခြင်း သင်တန်းနှင့် မြက်နှင့်ပြောင်းချဉ်ဖတ် ပြုလုပ်မှု လက်တေွ့သင်တန်းကို ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းသို့ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ၊ ဒေသနေမွေးမြူရေးတောင်သူများ တက်ရောက်ခဲ့ကြပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း နှင့် တာဝန်ရှိသူများ က သက်ဆိုင်ရာ ကဏ္ဍများအလိုက် သရုပ်ပြ ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
မွေးမြူရေးတောင်သူများအနေဖြင့် တိရစ္ဆာန်အစာပင် အမှန်တကယ် စိုက်ပျိုးအသုံးပြု နိုင်ရေး ၊ စံပြစိုက်ပျိုး၍ ဒေသရှိ မွေးမြူသူများ အား နည်းပညာ ဆက်လက် ပြန့်ပွားကျင့်သုံး နိုင်ကြ စေရန်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အလားတူ တိရစ္ဆာန်အစာကို ရာသီမရွေးဖူလုံစွာသုံးစွဲ နိုင်ရန်အတွက် မြက်နှင့်ပြောင်းကို ချဉ်ဖတ်ပြုလုပ်သုံးစွဲခြင်း နည်းပညာအား ကျယ်ကျယ်ပြန့်ပြန့် သိရှိဆောင်ရွက်နိုင်ကြစေရန် အဆိုပါသင်တန်းတွင် အသေးစိတ် ပို့ချဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
တိရစ္ဆာန်အစာပင် Ever Green Grass(၁)ဧက စိုက်ပျိုးပါက တိရစ္ဆာန်အစာ တန်(၁၀၀) ကျော်ခန့် ထွက်ရှိပြီး နွား (၁၁) ကောင် အတွက် တစ်နှစ်အတွင်း အစာလုံလောက် မှုရှိနိုင်ကြောင်း ၊ ပြောင်းတစ်ပင်လုံးကို နုတ်နုတ်စဉ်း၍ ပြုလုပ်ထားသော ပြောင်းချဉ်ဖတ် ၊ မြက်ချဉ်ဖတ်များမှာ နှစ်ကာလ အတန်ကြ သိုလှောင်သိမ်းဆည်းနိုင်သည့်အပြင် ကျွဲ၊ နွား ၊ သိုး ၊ ဆိတ် အစရှိသော တိရစ္ဆာန်များက အထူးနှစ်သက်စွာစားသုံးကြသဖြင့် မွေးမြူရေးတောင်သူများအတွက် အကျိုး ရှိသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။