ဦးစီးဌာနသတင်းများ

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးအဆင့် မွမ်းမံ သင်တန်းဖွင့်လှစ်


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံ ခန့်ခွဲရေး ဦးစီးဌာန ရှိ မြို့ပြ၊ စက်မှု နှင့် ဘူမိဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းများကို ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေးနှင့် သက်ဆိုင်ရာ ဒေသအသီးသီးမှ အဆင်ပြေလွယ်ကူစွာ တက်ရောက်နိုင်ကြစေရန် Zoom Virtual Conference စနစ်ဖြင့် ဖွင့်လှစ်ပို့ချခဲ့ရာ ဇွန်လနောက်ဆုံးပတ်က သင်တန်း အပတ်စဉ်(၇)ကို ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။


ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးဇော်မင်းထွဋ် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည့် အဆိုပါ သင်တန်းတွင် စီမံကိန်းရေးဆွဲရေးဘာသာရပ်၊ ဒီဇိုင်းဘာသာရပ်၊ ဇလဗေဒ ဘာသာရပ်၊ ဘူမိဗေဒဘာသာရပ်၊ တည်ဆောက်ရေးနည်းပညာဘာသာရပ်၊ စက်မှုနှင့် စက်ယန္တရား ဘာသာရပ်၊ ဖြည့်တင်းရေးနှင့် တင်ဒါခေါ်ယူရေးဘာသာရပ် ၊ ငွေစာရင်းဘာသာရပ်နှင့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများဘာသာရပ်များကို သက်ဆိုင်ရာဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူးများ က (၅)ရက်ကြာ ပို့ချ ဆွေးနွေးပေးခဲ့ကြသည်။

သင်တန်းသို့ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ( ၂၅ )ဦး၊ လက်ထောက် ညွှန်ကြားရေးမှူး(စက်မှု) ( ၃ )ဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူး(ဘူမိ) ( ၂ )ဦး စုစုပေါင်း သင်တန်းသား( ၃၀ )ဦးတက်ရောက်ခဲ့ကြကြောင်းနှင့် အခြားအဆင့် နိုင်ငံဝန်ထမ်း စွမ်းဆောင်ရည် မြှင့်တင်ရေး မွမ်းမံသင်တန်းများကိုလည်း အွန်လိုင်းစနစ်ဖြင့် ဆက်လက်ပို့ချပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။