ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ချောင်းမငယ်ရေလှောင်တမံပတ်ဝန်းကျင် တွင် သဘာဝဂေဟစနစ်အမှီပြု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်

ဆည်တမံကြီးများ နှင့် ယင်းတို့၏ ပတ်ဝန်းကျင်ရှိ သဘာဝသစ်တော သစ်ပင်များ ရေရှည် တည်တံ့ စေရေးအတွက် ပြုစုထိန်းသိမ်းရန် လိုအပ်သည့်နည်းတူ ဒေသနေပြည်သူများ အနေဖြင့် လည်း သဘာဝဂေဟစနစ်အမှီပြု စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ စနစ်တကျ လုပ်ကိုင် နိုင်ကြ စေရေး အားပေး ကူညီသွားရန်လိုအပ်ကြောင်း၊ အထူးသဖြင့် မြိို့ပြနှင့်နီးပြီး လမ်းပန်း ဆက်သွယ် ရေး ကောင်းမွန်ကာ သဘာဝအတိုင်း ပေါက်ရောက်လျက်ရှိနေသည့် သစ်တော သစ်ပင်များ စုံလင်သည့် ချောင်းမငယ်ရေလှောင်တမံ ပတ်ဝန်းကျင်ကို ဘက်စုံ ဖွံ့ဖြိုးရေး ဒေသ အဖြစ် တိုးမြှင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်း က သဘာဝ ဂေဟစနစ်အမှီပြု ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က တာဝန်ရှိသူများအား ဆွေးနွေး ပြောကြားသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ ချောင်းမငယ် ရေလှောင်တမံ ပတ်ဝန်းကျင်နှင့် ရုံးပင်သစ်တော ကြိုးဝိုင်းဧရိယာ တွင် သဘာဝဂေဟစနစ်အမှီပြု ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ၏ ၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကို အဆိုပါ ဧရိယာအတွင်းရှိ မြေလွတ်နေရာများ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဦးစီး ဌာနများအလိုက် ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး နှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး ၊ အမြဲတန်းအတွင်းဝန် ၊ ညွှန်ကြားရေး မှူးချုပ် များ ၊ ပါမောက္ခချုပ် နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများတက်ရောက်၍ တမလန်း(၂၇၀)ပင်၊ အဟော်ဂနီ(၂၁၄)ပင်၊ ပိတောက် (၆၀)ပင် နှင့် ကျွန်း (၄၅၆)ပင် စုစုပေါင်း နှစ်ရှည်ပင် (၁၀၀၀)ကို စိုက်ပျိုးခဲ့ကြသည်။

ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက သဘာဝဂေဟစနစ်အမှီပြု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေ မှုများ အား ရှင်းလင်းတင်ပြရာ ပြည်ထောင်သုဝန်ကြီး က သဘာဝသစ်တောသစ်ပင်များ ထိန်းသိမ်း စောင့် ရှောက်ရေး၊ စီမံကိန်းဧရိယာအတွင်းသို့ တရားမဝင်ကျူးကျော်နေထိုင်မှု မရှိစေရေး၊ စီမံကိန်းကျေးရွာ များ အလိုက် ဝင်ငွေရ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး နှင့် စီးပွားဖြစ် ထုတ်လုပ်မှု ဖြစ်စေရေး ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။

ဆက်လက်၍ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး က ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခွင့် လက်မှတ်များကို ပေးအပ်ရာ ကျေးရွာကိုယ်စားလှယ်များက လက်ခံရယူ ခဲ့ကြသည်။

ချောင်းမငယ် ရေလှောင်တမံပတ်ဝန်းကျင်နှင့် ရုံးပင်သစ်တော ကြိုးဝိုင်းဧရိယာ တွင် သဘာဝ ဂေဟစနစ်အမှီပြု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကို အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ရှေ့ပြေးစီမံကိန်းအဖြစ် ယခုဘဏ္ဍာရေးနှစ်တွင် ရေဝေရေလဲဒေသနှင့် ဆည်ရေ သောက် ဧရိယာအတွင်းရှိ ဒေသနေ ပြည်သူများ သီးနှံသစ်တော ရောနှော စိုက်ခင်း ထူထောင် လုပ်ကိုင် နိုင်ရေးအတွက် ကော်ဖီ ၊ ဝဥ ၊ သရက် ၊ ငှက်ပျော ၊ ပိန္နဲ စသည့် ပျိုးပင်များ ထောက်ပံ့ ပေးခြင်း၊ မြေဆီ အာဟာရဆိုင်ရာ ဓာတ်ခွဲစမ်းသပ်ပေးခြင်း ၊ သီးနှံမျိုးပြောင်းလဲရေး နှင့် စံပြကွက် ဆောင်ရွက်ပေးခြင်း ၊ လှေခါးထစ် စိုက်ပျိုးနည်း စနစ် သရုပ်ပြစိုက်ပျိုးခြင်း နှင့် ပညာပေး ဆွေးနွေးပွဲ သင်တန်းများ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ သစ်တောဦးစီးဌာန မှ သီးနှံသစ်တောရောနှောစိုက်ခင်း(၁၆)ဧက၊ သီးနှံသစ်တောရောနှော အခြေပြု ဒေသခံ ပြည်သူ အစု အဖွဲ့ပိုင် သစ်တောများ ထူထောင်ခြင်း (၂၄၃ဧက) ၊ ကျေးရွာသုံး ထင်းစိုက်ခင်း (၂)ဧက ဆောင်ရွက်ပေးလျက်ရှိသည်။

မွေးမြူရေးလုပ်ငန်းအတွက် ဒေသကြက်မွေးမြူရေးလုပ်ငန်း တစ်ပိုင်တစ်နိုင်မွေးမြူသူ(၁၀၀) နှင့် ဒေသဘဲမွေးမြူရေးလုပ်ငန်းများတည်ထောင်ပေးခြင်း ၊ စားကျက်မြက်မျိုးများ စမ်းသပ် စိုက်ပျိုး ခြင်းများ ပါဝင်ပြီး တမံအတွင်း ငါးမျိုးကောင်ရေ(၂၀၀၀၀)စိုက်ထည့်ခြင်း၊ ကျောက် တလုံး ကျေးရွာ အုပ်စုရှိ ၃ ဧက အကျယ် အလှစုကန် အတွင်းသို့ ကျေးရွာအစုအဖွဲ့ဖြင့် ငါးကောင်ရေ(၁၀၀၀၀) ထည့်သွင်းမွေးမြူနိုင်ရေး ဆောင်ရွက်ပေးခြင်း တို့အပြင် ကျေးရွာချင်း ဆက်လမ်းများ၊ ကုန်ထုတ်လမ်း များ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့်တာဝန်ရှိသူများသည် ချောင်းမငယ် ရေလှောင်တမံ ရေသောက်ဧရိယာတွင် ပါဝင်ပြီး ၁၉၅၉ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ဆင်အုံကန် ပြုပြင်မွမ်းမံရေးလုပ်ငန်း ဆောင်ရွက် နေမှုများကိုကွင်းဆင်းစစ်ဆေးသည်။

ချောင်းမငယ် ရေလှောင်တမံ မှ ဆင်အုံကန်အထက်ပိုင်း တွင် ရေသောက်ဧရိယာ ၂၆၄၀ ဧက ရှိပြီး ဆင်အုံကန် အောက်ပိုင်းတွင် ရေသောက်ဧရိယာ ၄၅၇၉ ဧက ရှိသည်။နှစ်ပေါင်း၆၀ အတွင်း ပြုပြင်မှုမရှိခဲ့သည့် ဆင်အုံကန်အား ကန်ပေါင် ကျောက်ရိုးစီခြင်း နှင့် မူလကန်ပေါင်ထက် ၂ ပေ မြှင့်တင်ခြင်း၊ ကန်ပေါင်မျက်နှာပြင် အကျယ် ပေ၂၀ အဖြစ် ပြုပြင်ခြင်း၊  သဲနုန်းတူးဖော်ခဲ့ခြင်း၊ ဒိုက် နှင့် ဗေဒါများ ရှင်းလင်း ဖယ်ရှားခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း အားလုံး ၏ ၈၉ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်၍ မူလက ရေဧကပေ ၁၂၀၀ ကျော် သိုလှောင်နိုင်ခဲ့သည့် ဆင်အုံကန်အား ယခုအခါ ရေဧကပေ ၁၈၀၀ ခန့် သိုလှောင်နိုင်မည်ဖြစ်သည်။ ယခုနှစ် နွေစပါး ဧက ၄၃၀၀ အတွက်စိုက်ပျိုးရေ ပေးဝေနိုင်ခဲ့ကြောင်း သတင်းရရှိသည်။