ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးမည့် မိုးစပါး၊ မိုးချည်မျှင်ရှည်ဝါနှင့် ပဲစဉ်းငုံ မျိုးစေ့ထုတ်ကွက် ဆောင်ရွက်မည့် မုံရွာမြို့နယ် ရှိ ကျေးရွာ (၅)ရွာမှ တောင်သူ(၂၅)ဦး တို့ ၏ မျိုးစေ့ထုတ်စိုက်ခင်း (၄၅)ဧက အတွက် သွင်းအားစု ပစ္စည်းများကို ဇူလိုင်လ(၂)ရက်နေ့က ရရှိခဲ့ကြကြောင်း သိရသည်။
သီးနှံအလိုက် မျိုးကောင်း မျိုးသန့်မျိုးစေ့များအသုံးပြုနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန မျိုးသန့်ခြံများ က ထုတ်လုပ်ပေးလိုက်သည့် ဆင့်ပွားမျိုးစေ့ (Registered Seed – RS) မှ စီးပွားဖြစ်စိုက်ပျိုးရန်မျိုးစေ့(Certified Seed– CS)အဖြစ် ပွားများထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ရန် မျိုးစေ့ထုတ် တောင်သူအစုအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိနေမှုအပေါ် သွင်းအားစု လိုအပ်ချက်များ ထောက်ပံ့ပေးခြင်းဖြစ်သည်။
အဆိုပါ သွင်းအားစုများကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန က ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး နတ်လူထိပ်ပန် နည်းပညာပြန့်ပွားရေး စင်တာတွင် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ သွင်းအားစု ပစ္စည်းများအနေဖြင့် RS မျိုးစေ့၊ ကွန်ပေါင်းမြေဩဇာ၊ ဂျစ်ပဆမ်မြေဩဇာ၊ သဘာဝပိုးနှင်ဆေး နှင့် ဓါတု ပိုးသတ်ဆေးများ ကို သီးနှံလိုအပ်ချက်အလိုက် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။