ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

အရည်အသွေးကောင်း အာလူးများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် တစ်သျှူး နည်းပညာ အသုံးပြု၍ မျိုးအာလူးများ ထုတ်လုပ်ပေးမည်

အရည်အသွေးကောင်း အာလူးများ စိုက်ပျိုး ထုတ်လုပ်နိုင်ရေး အတွက် တစ်သျှူး နည်းပညာ အသုံးပြု၍ မျိုးအာလူး ထုတ်လုပ်နိုင်ရေးကို ဌာနပိုင် သုတေသန ဓါတ်ခွဲခန်းများ၊ စိုက်ပျိုးရေး ခြံများ  နှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုများအတွက် စီမံချက်များ စနစ်တကျ ညှိနှိုင်း ရေးဆွဲ ရန် လိုအပ်ကြောင်း၊ ရေရှည်တွင် စီးပွားဖြစ် မျိုးထုတ်လုပ်ခြင်းနှင့် မျိုးသိုလှောင် ဖြန့်ဖြူး ရောင်းချခြင်း ကို ပုဂ္ဂလိကပိုင်းက ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်ရန် အကူအညီ ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ထိရောက်အောင်မြင်ရေးအတွက် ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း ဇွန်လ ၂၇ ရက်နေ့ က ရှမ်းပြည်နယ် ဟဲဟိုးအာလူး အသင်း၊ နောင်တရား အာလူး စိုက်တောင်သူ အသင်းများ နှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြား သည်။

တွေ့ဆုံပွဲသို့ ဟဲဟိုးအာလူးအသင်း နှင့် နောင်တရား အာလူး စိုက်တောင်သူ အသင်းတို့မှ ဥက္ကဌများ ၊ ဟဲဟိုး နှင့် နောင်တရား အာလူး စိုက်တောင်သူအစုအဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး လက်ရှိ အာလူးစိုက်ပျိုးထုတ်လုပ်နေမှု မျိုးအာလူး သိုလှောင်မှုများနှင့် တိုးချဲ့ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များတွင်  မျိုးအာလူး တင်သွင်းမှုအတွက် အခွန် ကင်းလွတ်ခွင့် ရရှိရေး၊ စားသုံးရန်အားလူးများ ပြည်ပမှတင်သွင်းနေမှုကို ထိန်းချုပ်ရေး၊ အာလူးစိုက်ပျိုးစရိတ်ချေးငွေရရှိရေး ဆိုင်ရာများ ကို ဆွေးနွေးခဲ့ကြသည်။

ရှမ်းပြည်နယ်တွင် အားလူးစိုက်ဧက ငါးသောင်းကျော်ရှိကြောင်း၊ အားလူး စိုက်ပျိုးရာတွင် အထွက်နှုန်းနှင့် အရည်အသွေးတိုးတက်ရေးအတွက် မျိုးထား မျိုးလှောင် အသုံးပြုခြင်း လိုအပ်ချက်ကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရန် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန နှင့် စိုက်ပျိုးရေးဦးစီးဌာန တို့ ပူးပေါင်း၍  တစ်သျှူးနည်းပညာဖြင့် မျိုးအာလူးများ ထုတ်လုပ်ပေး နိုင်ရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပြီး မျိုးသန့် ပွားများခြင်းလုပ်ငန်းများ တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များက ပါဝင် ပူးပေါင်းဆောင်ရွက်ရေး နှင့် မျိုးပွားခြင်း မျိုးသိုလှောင်ခြင်း နှင့် မျိုးဖြန့်ခြင်းကို အကျိုးဆောင်တောင်သူများ ဖွဲ့စည်းလျက် ပုဂ္ဂလိကလုပ်ငန်းရှင်များက ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။ပြည်ထောင်စုဝန်ကြီး သည် ညွှန်ကြားရေးမှူးချုပ်များ ဌာနဆိုင်ရာ တာဝန်ရှိ သူများ နှင့်အတူ ရှမ်းပြည်နယ် ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်စဉ် အောင်ပန်း နှင့် ဟဲဟိုးဒေသအတွင်း ဟင်းသီးဟင်းရွက် လက္ကားဈေးများ တည်ထောင်ခြင်းနှင့် လယ်ယာ ထွက်ကုန် အခြောက်လှန်းခြင်း၊ သိုလှောင်ခြင်း နှင့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်ခြင်း လုပ်ငန်းများအတွက် မြေနေရာ ရွေးချယ် သတ်မှတ်နိုင်ရေး ကွင်းဆင်း စစ်ဆေး ခဲ့သည်။

အလားတူ ကလောမြို့နယ် အင်းခေါင်း ကျေးရွာ တွင် ဟဲဟိုးအာလူးကုမ္ပဏီ ၏ အအေးခန်း သိုလှောင်ရုံ နှင့် နောင်တရား ရှိ စိုက်ပျိုးရေးဦးစီးဌာန ၏ စိုက်ပျိုးရေး ထွက်ကုန်များ ပြုပြင် ထုပ်ပိုးရေးစင်တာ နှင့် အအေးခန်းသိုလှောင်ရုံ တည်ဆောက်ခြင်း လုပ်ငန်းခွင်များကို ကြည့်ရှု အားပေးခဲ့သည်။

လက်ရှိတွင် ဟဲဟိုး ၌ သိုလှောင်ရုံ (၂)ခုရှိပြီး မျိုးအာလူး တန်၁၅၀၀ ခန့်သာ သိုလှောင်နိုင် လျက် ရှိရာ တည်ဆောက်လျက်ရှိသည့်သိုလှောင်ရုံများပြီးစီးပါက အင်းခေါင်း အအေးခန်း သိုလှောင်ရုံ တွင် မျိုးအာလူး တန် ၁၀၀၀ နှင့် နောင်တရား အအေးခန်း သိုလှောင်ရုံတွင် တန် ၂၀၀၀ ၊ စုစုပေါင်း မျိုးအာလူး တန် ၃၀၀၀ ထပ်မံ သိုလှောင် နိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။