ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ပသွင်းကုန်များကြောင့် သုံးစွဲ နေရသည့် နိုင်ငံခြားသုံးငွေ လျှော့ချ နိုင်ရေး အတွက် ဗျူဟာမြောက် စိုက်ပျိုး ထုတ်လုပ်မှု ဖြစ်စေရေး အလေးထား ကြိုးပမ်းကြစေလို

ပြည်ပပို့ကုန်တိုးတက်ထုတ်လုပ်ရေး နှင့် သွင်းကုန်လျှော့ချနိုင်ရေးအတွက် ဒေသအလိုက် သီးနှံ အလိုက် သီးနှံပုံစံများ ရေးဆွဲ အကောင်အထည်ဖော်ရန် လိုကြောင်း၊ စိုက်ပျိုးရေး ပညာရှင်များ အနေဖြင့် သီးနှံအထွက်တိုးရေး အပြင် စိုက်ပျိုးထုတ်လုပ်မှု စရိတ်လျှော့ချနိုင်ရေး နှင့် အကျိုး အမြတ်တွက်ခြေကိုက်ရေးတို့ကို အခြေခံသည့်  တောင်သူ အကျိုးရှိစေမည့် သီးနှံပုံစံများ ဖော်ထုတ် ပေးရန်လိုအပ်ကြောင်း၊ အခြား တစ်ဘက် တွင်လည်း ပြည်ပသွင်းကုန်များကြောင့် သုံးစွဲ နေရသည့် နိုင်ငံခြားသုံးငွေ လျှော့ချနိုင်ရေးအတွက် ဗျူဟာမြောက် စိုက်ပျိုး ထုတ်လုပ်မှု ဖြစ်စေရေး အလေးထား ကြိုးပမ်းကြစေလိုကြောင်း ဇွန်လ(၁၉)ရက်နေ့က နေပြည်တော် ပျဉ်းမနား ရှိ  ကြံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်  စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

ကြံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ အနေဖြင့် ကြံမျိုးကောင်း မျိုးသန့်များ မွေးမြူ ရွေးချယ်ဖော်ထုတ်ခြင်း၊ တစ်သျူးနည်းဖြင့် ကြံမျိုးကောင်းမျိုးသန့်များ ပွားများ ဖြန့်ဖြူး ပေးခြင်း၊ အထွက်တိုးစိုက်နည်းစနစ်များကို သုတေသနပြုဖော်ထုတ်၍ တောင်သူ များထံ နည်းပညာဖြန့်ဖြူးပေးခြင်း ၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်းများ ဖွင့်လှစ် ပို့ချပေးခြင်း တို့ကိုဆောင်ရွက်လျက်ရှိသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ငါးဖမ်းရေယာဉ်စောင့်ကြည့် ထိန်းချုပ် ရေး ဗဟိုဌာန (နေပြည်တော်)တွင် VMS စနစ်ဖြင့် ငါးဖမ်း ရေယာဉ်များ အား စောင့်ကြည့် ထိန်းချုပ်နေမှုများ ကို ကြည့်ရှုစစ်ဆေးသည်။ ငါးမျိုးပြုန်းတီးမှုကာကွယ်ရန် ငါးသယံ ဇာတ မျိုးစိတ်များ ကာကွယ်ရန် ၊ တရားမဝင်ငါးဖမ်းဆီးမှုများကို တားဆီး ကာကွယ်တိုက်ဖျက်နိုင်ရန် နှင့် အဏ္ဏဝါပတ်ဝန်းကျင် ကို ကာကွယ်ရန် တို့အတွက် ငါးလုပ်ငန်းဦးစီးဌာန က VMS စနစ်ဖြင့် ငါးဖမ်းရေယာဉ်များအား စောင့်ကြည့် ထိန်းချုပ် ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အကြီးစားနှင့် အသေးစားပြင်ဆင်နေသည့် ရေယာဉ်များ၊ လုပ်ငန်းရပ်နား ထားသော ရေယာဉ်များ မှအပ ယနေ့အထိ ကမ်းဝေးငါးဖမ်း ငါးသယ်ရေယာဉ်(၃၄၉၇)စီးတွင် VMS ကိရိယာများ တပ်ဆင်ဆောင်ရွက်ထားကြောင်း၊ VMS စနစ်လိုက်နာကျင့်သုံးရန် နှင့်စည်းကမ်း ဖောက်ဖျက်ခြင်းမပြုရန် ၂၀၂၀ခုနှစ် ဧပြီလနှင့် မေလများတွင် နိုင်ငံပိုင်သတင်းစာများ ရုပ်မြင်သံကြား နှင့် ဝဘ်ဆိုဒ် တို့မှ စည်းကမ်း လိုက်နာရန် အသိပေး ကြောညာခဲကာ စည်းကမ်းဖောက်ဖျက်သည့် ရေယာဉ် ပိုင်ရှင်များ ၊ ရေယာဉ်မှူးများ၊ ရေယာဉ် ကိုယ်စားလှယ် များ အား တိုင်းဒေသကြီး ပြည်နယ် ရုံးများမှတဆင့် ဖုန်းဖြင့်သတိပေးခြင်း၊ စာဖြင့် သတိ ပေးခြင်း၊ ခံဝန်ကတိလက်မှတ်ရေးထိုး စေခြင်းတို့ဆောင်ရွက်ခဲ့ပြီး၊ ၂၀၂၀ခုနှစ်ဇွန်လ ၁ ရက်နေ့မှစတင်၍ အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အလားတူ ဒုတိယဝန်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော် ရုံးအမှတ်(၃၆)တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန က ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့ဝန်ဆောင်မှုရုံး(One Stop Service-OSS)သို့ရောက်ရှိကြပြီး တိရစ္ဆာန် နှင့် တိရစ္ဆာန်ထွက်ပစ္စည်း ပို့ကုန်သွင်းကုန်များအတွက် ကျန်းမာရေးဆိုင်ရာ ထောက်ခံချက် များ နှင့် ဝန်ဆောင်မှုအားလုံးကိုတစ်နေရာတည်းတွင်အလုံးစုံ ဝန်ဆောင်ပေးနေမှုလုပ်ငန်း များကို ကြည့်ရှုစစ်ဆေးသည်။

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီး က တာဝန်ရှိ သူများအား ဆွေးနွေး မှာကြားရာ၌ ပုံမှန်ဆောင်ရွက်ဆဲ တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ အပြင် မျှော်လင့်မထားသော တိရစ္ဆာန်ကူးစက်ရောဂါများအတွက် သတိပြု စောင့်ကြည့်ရန် လိုအပ် ကြောင်း၊ အစားအစာဘေးကင်းလုံခြုံရေးနှင့် သက်ဆိုင်ရာ ကုန်သွယ်ဘက်နိုင်ငံ၏ သတ်မှတ် သော စံနှုန်းများကို တိကျစွာလိုက်နာဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကွင်းဆင်း စစ်ဆေး ရသည့်လုပ်ငန်းစဉ်များမှအပ တိရစ္ဆာန် နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ အပေါ် ကျန်းမာရေး ဆိုင်ရာ ထောက်ခံချက်လျောက်ထားခြင်း၊ သဘောထားမှတ်ချက် ချထားပေးခြင်းစသည့် စသည့်လုပ်ငန်းများအတွက် Semi Online စနစ်ဖြင့် ဆောင်ရွက်ရာမှ ဆက်စပ်ဌာနများ ဖြစ်သည့် အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် Fully Online စနစ်အဖြစ် တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင် တာဝန်ယူ ဆောင်ရွက် လျက် ရှိသည့် ပြည်သူ့ဝန်ဆောင်မှုရုံး(One Stop Service-OSS) မှ ပြည်ပ သို့ ကျွဲနွား တင်ပို့ခြင်း လုပ်ငန်းများအတွက် လိုအပ်သောစိစစ်မှုများဆောင်ရွက်ခြင်း၊ Smart Card ထုတ်ပေးခြင်း၊ ကိုယ်တိုင်မွေးနှင့် မွေးဘက်လျှောက်ထားခြင်းဆိုင်ရာများ၊ ပျားရည် အသားခြောက် အေးခဲသားများ၊ အိမ်မွေးတိရစ္ဆာန် တင်သွင်း တင်ပို့ခြင်း ဆိုင်ရာများ၊ တိရစ္ဆာန်အစာ ၊ တိရစ္ဆာန်သုံးပစ္စည်း၊ တိရစ္ဆာန်ဆေးဝါး ၊ မျိုးတိရစ္ဆာန် မျိုးချောင်း စသည်တို့၏ တင်သွင်း တင်ပို့ ခွင့်ဆိုင်ရာများကို စိစစ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။