ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သင်တန်းကျောင်းများ ဓါတ်ခွဲခန်းများ အား ကွင်းဆင်းစစ်ဆေး

“နိုင်ငံသားများအနေဖြင့် ဘဝတိုးတက်ရေး အတွက် ရောင့်ရဲတင်းတိမ် မနေကြဘဲ မိမိတို့ကျင်လည်နေရသည့် အခြေအနေတွင် ဖြစ်သင့်ဖြစ်ထိုက်သည်များကို ရည်မှန်းချက် ထား၍ သမာအာဇီဝနည်းဖြင့် ခေတ်နှင့်အညီဆောင်ရွက်နိုင်ပါက လူမှုဘဝများ ဖွံ့ဖြိုး တိုးတက်လာမည်”ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မိန့်မှာချက်အား လယ်ယာကဏ္ဍဖွံ့ဖြိုးရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက် အဖြစ်ခံယူကာ စိုက်ပျိုးရေး မွေးမြူရေး နှင့် တစ်ပိုင်တစ်နိုင်ကုန်ထုတ်လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေးကို ဒေသအလိုက် ကဏ္ဍအလိုက် ထိရောက်စွာ အကောင်အထည် ဖော်ပေးနိုင်မည့် လုပ်ငန်းအစီအမံများ ရေးဆွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇွန်လ (၁၉)ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော်ဝန်းကျင်ရှိ သင်တန်း ကျောင်းများ ဓါတ်ခွဲခန်းများ အား ကွင်းဆင်းစစ်ဆေးစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ရွှေမြို့ ရှိ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန  ဇီဝလုံခြုံမှု အဆင့်-၂  ခွါနာလျှာနာရောဂါရှာဖွေရေး ဓါတ်ခွဲခန်းကို ရောက်ရှိကြပြီး ခွါနာလျှာနာရောဂါပိုး ရှာဖွေစစ်ဆေးပေးခြင်း ၊ အမျိုးအစားခွဲခြားပေးခြင်း နှင့် အတည်ပြု ပေးခြင်း၊ ပဋိပစ္စည်းတိုင်းတာခြင်း ၊ ဓါတ်ခွဲခန်းရလဒ်များ ထုတ်ပြန်ခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုး ရေး လုပ်ငန်းများ နှင့် ပျားမွေးမြူရေးဌာနများ ကို ကြည့်ရှုစစ်ဆေး ကာ တာဝန်ရှိသူများ အား အသားကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်ရေး၊ အစားအစာ ဘေးကင်းလုံခြုံရေးနှင့် အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာလိုအပ်ချက်များ ဆွေးနွေး မှာကြား သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေဆင်း ရှိ စက်မှုလယ်ယာ သင်တန်း ကျောင်း သို့ ရောက်ရှိကြပြီး စာတွေ့ လက်တွေ့သင်တန်းခန်းမများ၊ သင်တန်းသား နားနေဆောင်များ၊ စားရိပ်သာများကိုကြည့်ရှုစစ်ဆေးပြီး လယ်ယာဏ္ဍတွင် လိုအပ်လျက် ရှိသည့် လယ်ယာသုံး စက်ကိရိယာ ကျွမ်းကျင်သူများ လေ့ကျင့်ပျိုးထောင်မှု တိုးချဲ့ ဆောင်ရွက်ပေးနိုင်ရေး နှင့် တွင်ကျယ်စွာလုပ်ကိုင်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်း ဖြစ်ကြောင်း လူငယ်ထုသိရှိ စိတ်ဝင်စားလာစေရေး ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများ အားဆွေးနွေး ဆွေးနွေးမှာကြားသည်။

စက်မှုလယ်ယာသင်တန်းများကို ဘဏ္ဍာနှစ်အလိုက် လယ်ယာသုံး စက်ကိရိယာ မောင်းနှင် ထိန်းသိမ်းမှုသင်တန်း၊ ပြုပြင်ထိန်းသိမ်းမှုသင်တန်း၊ စွမ်းဆောင်ရည်မြှင့် သင်တန်းများ ကို ဖွင့်လှစ် ပေးလျက်ရှိရာ သင်တန်းတက်ရောက်လိုသူများအနေဖြင့် တိုင်း ဒေသကြီး ပြည်နယ်များ ရှိ စက်ပြင် အလုပ်ရုံများ သင်တန်းကျောင်းများ နှင့် နီးစပ် ရာ စက်မှုလယ်ယာ ဦးစီးဌာန ရုံးများ၌ ဆက်သွယ်ဆောင်ရွက်နိုင်ကြကြောင်းသိရသည်။

အလားတူ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC ၏ ကျေးရွာသစ်ခေါင်းဆောင်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနေမှု လုပ်ငန်းများ ကို လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က  အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းခွင်များ ကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်  ကျေးရွာ ဖွံ့ဖြိုးရေး အဆောက် အအုံများ တည်ဆောက်ပေးခြင်း၊ အလုပ်အကိုင် အခွင့် အလမ်းများ ဖော်ဆောင်ပေးခြင်း လုပ်ငန်းများအပြင် ကျေးလက်နေပြည်သူများအတွက် စိတ်ဓါတ်ခွန်အား နှင့် အတွေး အမြင်များ ဖွံ့ဖြိုးရေးအတွက် အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးရန်လိုအပ်ချက်များကို ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။