ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြန်မာ့ရေသယံဇာတများ ပျက်သုဉ်းခြင်း မှ ကာကွယ်နိုင်ရေး အတွက် သက်ဆိုင်သူအားလုံးတို့က ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်

             သားငါးရိက္ခာဖူလုံပိုလျှံရေး နှင့် ရှားပါလာသောဒေသငါးမျိုးစိတ်များ ထိန်းသိမ်း ရေး၊ ယင်းတို့၏ ပေါက်ပွားရှင်သန်မှု ဘဝစက်ဝန်းကို သိရှိသဖြင့် သဘာဝရေပြင်တွင် ငါးသားပေါက် များ စိုက်ထည့်ပေးရေး နှင့် စီးပွားဖြစ် မွေးမြူ ထုတ်လုပ်နိုင်ရေး စသည့် ငါးသယံဇာတများ ရေရှည်ထုတ်ယူသုံးစွဲနိုင်ရေးအတွက် နိုင်ငံတော်မှ စီမံဆောင်ရွက် ပေးနေမှု အပေါ် ပြည်သူများ အနေဖြင့်လည်း ရှော့တိုက်ဖမ်းဆီးခြင်း အဆိပ်ချဖမ်းဆီးခြင်း စသည့် တရားမဝင် ဖမ်းဆီးခြင်း များ သဘာဝဂေဟစနစ်ကို ထိခိုက်စေမည့် ငါးဖမ်းနည်း များအသုံး မပြုကြရန် နှင့် မြန်မာ့ရေ သယံဇာတများ ပျက်သုဉ်းခြင်းမှ ကာကွယ်နိုင်ရေး အတွက် သက်ဆိုင်သူအားလုံးတို့က ပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း ဇွန်လ ၁၂ ရက်နေ့ က စစ်ကိုင်းတံတားအနီး ကျင်းပပြုလုပ်သည့် ဧရာဝတီမြစ်အတွင်း ငါးမျိုး စိုက်ထည့်ပွဲ အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။  

သဘာဝ မြစ်ချောင်းများ၊ ဆည် ကန်များတွင် အကြောင်းအမျိုးမျိုး ကြောင့် လျော့နည်းလာသော ငါးသယံဇာတများ ပြန်လည် ဖြည့်တင်းပေးနိုင်ရန် နှင့် အာဟာရ ပြည့်ဝ‌သော ငါးအသားရိက္ခာကို ပြည်သူများဖူလုံစွာ စားသုံးနိုင်ကြစေရန် တို့ကိုရည်ရွယ်၍ ရှင်သန်ကြီးထွားရန်သေချာသည့် ၂ လက်မအရွယ်ငါးသားပေါက်များကို ဒေသအသီးသီး ရှိ ငါးလုပ်ငန်းစခန်းများက ထုတ်လုပ်၍ ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ နိုင်ငံတစ်ဝှမ်း တွင် ယခုနှစ်အတွက် ငါးသားပေါက် ကောင်ရေ (၁၀၁၂.၀၇၅)သိန်း ငါးမျိုးစိုက်ထည့်ပေး သွားမည်ဖြစ်ပြီး ယနေ့အခမ်းအနားတွင် ရေဦးငါးလုပ်ငန်းစခန်းက ထုတ်လုပ်သည့် ()လက်မအရွယ် ငါးမြစ်ချင်း တစ်သိန်း၊ ငါးခုံမကြီး ငါးသောင်း ရွှေဝါငါးကြင်း ငါးသောင်းစုစုပေါင်းငါးကောင်ရေ ()သိန်းကို စိုက်ထည့်ပေး ခဲ့ခြင်းဖြစ်သည်။

           စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးရေး နှင့် လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရန်ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် သမဝါ  ယမတက္ကသိုလ်(စစ်ကိုင်း)၏ သင်ကြားမှု သင်ယူမှုဆိုင်ရာလုပ်ငန်းများ ကိုလည်းကောင်း၊ RC ၃ထပ် စာသင်ဆောင် တည်ဆောက်မှုလုပ်ငန်းများကိုလည်းကောင်း၊ ပြည်ပပို့ကုန် အဖြစ် အော်ဂဲနစ် စိုက်ပျိုးရေးထွက်ကုန်များထုတ်လုပ်ခြင်း နှင့် စိုက်ပျိုး နည်းပညာပေး လုပ်ငန်းများ ဆောင်ရွက်နေသော ပုဂ္ဂလိကလုပ်ငန်းများကိုလည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍမှ မွေးမြူလုပ်ကိုင် လျက်ရှိသော  ဒေသမျိုးဖြစ်သည့် ပြာစိမ်းနွား ၊ ဂျိတ်နီ ဆိတ် နှင့် စီပီဝက် မွေးမြူရေး လုပ်ငန်း များ ကိုလည်းကောင်း၊ ရွှေဘိုမြို့နယ်၊ လှတောကျေးရွာတွင် စိုက်ပျိုးရေး ဦးစီးဌာန သီးနှံပိုးမွှား ရောဂါကာကွယ်ရေးဌာနခွဲက ဆောင်ရွက် လျက်ရှိသည့် တောင်သူ အကျိုးပြု မိတ်ဆွေပိုး ဥကပ်ပါးနဂျီ ကို ဇီဝနည်းပညာအသုံးပြု မွေးမြူရေး လုပ်ငန်း များကိုလည်းကောင်း ကြည့်ရှု စစ်ဆေးအားပေးခဲ့သည်။

            ထို့နောက် ဝက်လက်မြို့နယ် စိုင်နိုင်ကြီးရွာ ရှိ Type-A အဆင့်ရှိ စပါးမျိုး သန့်စက် တပ်ဆင်ပြီးစီးမှု နှင့် စပါးပေါင်းခံရည် ထုတ်လုပ်နေမှုကိုကြည့်ရှုစစ်ဆေးပြီး စပါးပေါင်းခံရည်ကို အသုံးပြုခြင်းဖြင့် မြေ၏ အစိုဓါတ်ထိန်းညှိမှုကောင်းမွန်စေပြီး မြေအတွင်း မှ အာဟာရဓါတ် စုပ်ယူမှု အားကောင်းသဖြင့် အပင်၊ အသီး၊ အရွက် ကြီးထွားမှုနှုန်း ကောင်းမွန်စေမှုတို့ကြောင့် တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရေး ဆွေးနွေးမှာကြားသည်။

ရွှေဘိုမြို့ ချီပါမျိုးသန့်ခြံ၏ မျိုးသန့်မျိုးစေ့များထုတ်လုပ်ပေးနေမှု Type-B အဆင့်ရှိ မျိုးသန့် စက်ရုံ နှင့် ဓါတ်ခွဲခန်း မျိုးသန့်စက်တပ်ဆင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးကောင်း သီးနှံမျိုးစေ့များထုတ်လုပ်ဖြန့်ဖြူပေးရန် ၊ တောင်သူ့ ဝင်ငွေနှင့် အကျိုး အမြတ်တိုးတက်ရရှိစေမည့် ဒေသနှင့်ကိုက်ညီသော တန်ဖိုးမြင့် သီးနှံများ စိုက်ပျိုး ထုတ်လုပ် နိုင်ရေး အလေးထား ဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရေသောက်ဧရိယာ ဧက ၇၁၀၀ ရှိသည့် လှတောမြောင်းခွဲ မြောင်းဘောင်များပြုပြင်နေမှု လုပ်ငန်းခွင်ကို လည်းကောင်း၊ ရွှေဘိုမြောင်း မတော် လက်တံမြောင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ကိုလည်းကောင်းကြည့်ရှုစစ်ဆေးပြီး ဆည်ရေသောက်ဧရိယာများတွင် စိုက်ပျိုးရေ စနစ် တကျ ခွဲဝေအသုံးပြုနိုင်ရေးအတွက် ဆည် ရေသောက် တောင်သူများအား သက်ဆိုင်ရာ ရေသောက်ဧရိယာအလိုက် ရေသုံးစွဲသူအဖွဲ့များ စနစ်တကျတိုးချဲ့ ဖွဲ့စည်း ဆောင်ရွက်ရန်၊ ခေတ်မီရေစီမံခန့်ခွဲမှုနည်းစနစ်များ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုနိုင်ရေး အသိပညာပေး ဆွေးနွေးရန်နှင့် ဒုတိယသီးနှံကို နွေစပါးအပြင် ရေအနည်းလို တန်ဖိုးမြင့် သီးနှံများ အစားထိုး စိုက်ပျိုးလုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။