ဆန်စပါးစျေးကွက် ထိန်းချုပ်ခြင်းလုပ်ငန်းကို တောင်သူများကိုယ်တိုင် ပါဝင် ဆောင်ရွက်နိုင်ရေးအတွက် တောင်သူကိုယ်တိုင် စပါးသိုလှောင်ခြင်း စနစ်ကို ပြန်လည် ဖော်ထုတ် ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတကာတွင်လည်း သီးနှံအရည်အသွေးကို မထိခိုက်စေဘဲ စနစ်တကျသိုလှောင်ထိန်းသိမ်းနိုင်သည့် မိရိုးဖလာဆန်စပါးသိုလှောင်ခြင်း ကို ဆက်လက် အသုံးပြုလျက်ရှိနေသည်ကိုတွေ့ရှိရပါကြောင်း၊ ယှဉ်ပြိုင်နိုင်စွမ်းအားရှိသည့် လယ်ယာကဏ္ဍ ဖြစ်စေရေးအတွက် ထုတ်လုပ်မှု သာမက ခိုင်မာသည့်စျေးကွက် ဖော်ဆောင် နိုင်ရေး ကိုပါ မိမိတို့ကြိုးပမ်းကြရမှာ ဖြစ်ကြောင်း စက်တင်ဘာလ ၁၄ ရက် နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုဒေသရှိ တောင်သူလယ်သမားများ နှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောသည်။
ပြည်ထောင်စုဝန်ကြီး သည် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်/မွေး/ဆည် ဝန်ကြီး ဦးကမ်ဇာမုံ ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ရွှေဘိုမြို့နယ် လိပ်ချင်းကျေးရွာအုပ်စု ကွင်းအမှတ် ၂၈၈၀ ရှိ တောင်သူ ဦးဘိုသန်း ၏ ပေါ်ဆန်းရင်စပါးစိုက်ကွင်းသို့ရောက်ရှိကြ ပြီး စပါးပင်များဖြစ်ထွန်းအောင်မြင်နေမှု ဆည်ရေရရှိမှုအခြေအနေ ၊ တောင်သူများ၏ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုများနှင့် ဝင်ငွေအကျိုးအမြတ်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဇာဇာမင်း နှင့် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းလှိုင်ဦး တို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် လိပ်ချင်းကျေးရွာ ရှိ စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေးစီမံကိန်း ရှင်းလင်းဆောင်တွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပြောကြားရာ၌ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုနှင့်အတူ မိမိတို့နိုင်ငံတွင် သက်ရောက်လျက်ရှိသည့် ရာသီဥတုနှင့် လိုက်လျော ညီထွေရှိသော စိုက်ပျိုးထုတ်လုပ်မှုပုံစံကို ပြောင်းလဲကျင့်သုံးနိုင်မှသာ ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုကို ဆောင်ရွက် နိုင်ကြမည် ဖြစ်ကြောင်း၊ ယခုနှစ် မိုးရာသီတွင် မုတ်သုန် အဝင်နောက်ကျပြီး အထွက်စောမည် ဖြစ်သည့် အတွက် ဆည်များ မိုးရေဝင်ရောက်မှု လျော့နည်း မည်ဟု ခန့်မှန်းထားပါကြောင်း၊ သဖန်းဆိပ် ရေလှောင် တမံ အပါအဝင် ဆည် ရေလှောင်တမံများ ရေသိုလှောင်နိုင်မှုလျော့နည်း နိုင်ကြောင်း၊ နှစ်စဉ် ရေဧက ၂၈ သိန်းခန့် သိုလှောင်နိုင်ခဲ့သည့်
သဖန်းဆိပ်ရေလှောင်တမံ သည် လက်ရှိ အချိန်အထိ ရေဧက ၆ သိန်းခန့်သာ သိုလှောင် နိုင်သည့်အခြေအနေတွင် မိုးသီးနှံများအောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့သော်လည်း လာမည့် ဒုတိယသီးနှံအတွက် ရေလိုအပ်ချက်နည်းပြီး တောင်သူတွက်ခြေကိုက်သည့် သီးနှံများ ရွေးချယ်စိုက်ပျိုးနိုင်ရေးကို သက်ဆိုင်ရာဌာနများ က တောင်သူများ နှင့် ညှိနှိုင်းဆွေးနွေးပြီး နည်းပညာနှင့်အကူအညီများ ပံ့ပိုးဆောင်ရွက် သွားမည်ဖြစ်သည့်အတွက် တောင်သူများက စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက် ကြစေလိုကြောင်း၊ သဖန်းဆိပ် ဆည်ရေသောက် ဧရိယာ အတွင်းရှိ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေသည့် လယ်ယာ မြေများ အား လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ အမြန်ဆုံးရရှိစေရေး ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊
တောင်သူလယ်သမား များ အနေဖြင့် စုပေါင်း ဆောင်ရွက်ခြင်း အလေ့အထကို ပိုမိုအားထုတ်ကြစေလိုကြောင်း၊ စိုက်ပျိုးရေလိုအပ်ချက် ရေမြေရာသီဥတု အခြေအနေ စျေးကွက် စသည်တို့အပေါ် တောင်သူ အချင်းချင်းညှိနှိုင်းပြီး တစ်ကွင်းတစ်ဆက်တည်း စိုက်ပျိုးထုတ်လုပ်ခြင်း၊ စုပေါင်း သိုလှောင်ခြင်း၊ စုပေါင်းရောင်းချခြင်းဖြင့် စျေးကွက် ကို တောင်သူများကိုယ်တိုင်က ထိန်းချုပ်လုပ်ကိုင်ခြင်းကို ပြောင်းလဲနိုင်မှသာ တောင်သူများ မျှော်လင့်သည့် အကျိုးအမြတ် ကို ရရှိစေနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒေသခံတောင်သူများက လယ်ယာကဏ္ဍ ဆိုင်ရာလိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို အသီးသီးတင်ပြကြရာ
စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးကြပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများအား ရှင်းလင်း တင်ပြ ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် အသားတင် စိုက်ပျိုးမြေဧရိယာ ၄၆၁၈၀၇၅ဧက( ဧက လေးဆယ့် ခြောက်သိန်းကျော်)ရှိပြီး ယခုနှစ် မိုးသီးနှံအဖြစ် မိုးစပါး ၁၂၈၂၉၉၅ ဧက၊ ပဲမျိုးစုံ ၉၇၉၂၁၀ ဧက နှင့် ဆီထွက်သီးနှံအပါအဝင် သီးနှံစုံ ၄၂၉၆၅၉၇ ဧက စိုက်ပျိုးထားရှိကြောင်း သတင်းရရှိသည်။