ဖော်ထုတ်ပြီး ဆည်ရေသောက်စနစ်များ၏ အကျိုးသက်ရောက်မှုနှင့် ဆက်လက် ဆောင်ရွက်ရမည့် တူးမြောင်းစနစ်ဆိုင်ရာများအား လေ့လာစိစစ်ခြင်းလုပ်ငန်းများနှင့်အတူ ဖြစ်နိုင်စွမ်းရှိသည့်ရေသောက်စနစ်များ တိုးချဲ့ဖော်ထုတ်ပေးနိုင်ရေးကိုလည်း ထည့်သွင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများ အနေဖြင့်လည်း အချင်းချင်း ပူးပေါင်းညှိနှိုင်းပြီး စိုက်ပျိုးရေချွေတာနိုင်သည့် သီးနှံပုံစံပြောင်းလဲ စိုက်ပျိုးနိုင်ရေးအတွက် အစီအမံများ ရေးဆွဲချမှတ်ကာ တောင်သူများအား အသိပေးစည်းရုံးဆောင်ရွက် ကြရမှာ ဖြစ်ကြောင်း စက်တင်ဘာလ ၁၄ ရက် ညနေပိုင်းက ကာဘိုးရေလွှဲဆည် သို့ရောက်ရှိစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ တိုင်းဒေသကြီးဝန်ကြီး ဦးကမ်ဇာမုံ နှင့် အဖွဲ့သည် ကာဘိုးရေလွှဲဆည် ကြံ့ခိုင်မှု၊ စိုက်ပျိုးရေခွဲဝေ ပို့လွှတ် ပေးနေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သဖန်းဆိပ်ဆည်မှ ပို့လွှတ် လိုက်သော ရေများအပါအဝင် နှစ်စဉ်ပျမ်းမျှ စီးဝင်ရေ ၄၄၈၇၅၀၀ ဧကပေ ကို ကာဘိုး ရေလွှဲဆည်မှ ထိန်းသိမ်း၍ မြောင်းမတော် များမှတဆင့် စိစစ်ပြီးစိုက်ပျိုးမြေဧက ၃၃၉၀၄၂ အား စိုက်ပျိုးရေဖြန့်ဝေ အကျိုးပြုလျက်ရှိနေမှု ၊ သက်တမ်းကြာမြင့် လာမှုကြောင့် ရေလွှဲဆည်နှင့် ဆက်စပ် အဆောက်အအုံများ၏ ချို့ယွင်းအားနည်းလာမှု အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။
ကာဘိုးရေလွှဲဆည် အနီး ဒေသနေ တောင်သူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးပြောကြားရာ၌ ပြောင်းလဲ သက်ရောက်လျက်ရှိသည့် ရာသီဥတုနှင့် လိုက်လျော ညီထွေစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန် လာမည့် ဆောင်းသီးနှံနှင့် နွေသီးနှံများ အတွက် တောင်သူတွက်ခြေကိုက်သော သီးနှံမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေးကို မိမိတို့ ဝန်ကြီးဌာန က ကူညီဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း၊ ဆန်စပါး အဓိက စိုက်ပျိုးမှုမှ တွက်ခြေကိုက်သီးနှံ ဦးစားပေးစိုက်ပျိုး ထုတ်လုပ်မှုသို့ ပြောင်းလဲကြရန်လိုကြောင်း၊ အစားအစာဘေးကင်း လုံခြုံရေး ဦးစားပေး လာသည့် စျေးကွက်အခြေအနေနှင့် အခြားသော စျေးကွက် သတင်းအချက် အလက်များ ရယူအသုံးပြုနိုင်ရေးအတွက် ဆိုရှယ်မီဒီယာများကို အကျိုးရှိစွာအသုံးချကြစေလိုကြောင်း၊ “မိမိဒေသဖွံ့ဖြိုးရေးအတွက် မိမိကိုယ်တိုင်ပါဘို့ လိုအပ်တယ်” ဟူသော စိတ်ဓါတ် ထားရှိကြ ပြီး ပူးပေါင်းဆောင်ရွက်လိုမှုဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုးရေးကို စိတ်တူကိုယ်တူဆန္ဒတူဖြင့် ဝိုင်းဝန်း ကြိုးပမ်းပေးကြပါရန်တိုက်တွန်းပါကြောင်း ဆွေးနွေး ပြောကြားသည်။
ကာဘိုးရေလွှဲဆည် သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကာဘိုး ကျေးရွာအနီး မူးမြစ် ပေါ်တွင် တည်ရှိပြီး ၁၉၀၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ၁၉၀၅ခုနှစ်တွင် ပြီးစီးခဲ့သည့် ကွန်ကရစ်ရေလွှဲဆည် အမျိုးအစား ဖြစ်သည်။ ဆည်တစ်ခုလုံး အလျား ၇၁၇ပေ ရှိပြီး ရေဆင်းဧရိယာ ၄၈၂၈ စတုရန်းမိုင် ရှိသည်။ မြောင်းမတော်ကြီးများ မှ ရေပေးလက်တံမြောင်း ၁၆၇ ခုခွဲထွက်ပြီး အလျားမှာ ၅၉၅.၅၀၉ မိုင်ရှိ မြောင်းခွဲ လက်တံများမှ ဖြန့်ဝေလိုက်သောစိုက်ပျိုးရေများကို ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ရေဦး၊ စစ်ကိုင်း၊ ဒီပဲယင်း၊ အရာတော် နှင့် ကန့်ဘလူ မြို့နယ်များရှိ တောင်သူများ အကျိုးခံစားရ လျက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီး ဟု တင်စားနိုင် သကဲ့သို့ ရွှေဘိုပေါ်ဆန်းကဲ့သို့သော အရည်အသွေးကောင်း သီးနှံများ အပါအဝင် သီးနှံစုံ စိုက်ပျိုးဖြစ်ထွန်းသော ရေခံမြေခံကောင်းများရှိပြီး စိုက်ပျိုးမြေဧက ၅ သိန်းခန့်ကို စိုက်ပျိုးရေပေးဝေနိုင်သည့် သဖန်းဆိပ်ရေလှောင်တမံကြီးကြောင့် လယ်ယာကဏ္ဍ စိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးရေးအတွက် အလားအလာကောင်းသည့် ဒေသတစ်ခုဖြစ်ကြောင်း သိရှိရ သည်။