ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၅) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကို မတ်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ် ၁၅ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေး ခန်းမ၌  ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့်  ဒုတိယ ဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် နှင့်  ဗဟိုကော်မတီဝင်များ စုံညီစွာ တက်ရောက်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကား ပြောကြားပြီး ဗဟိုကော်မတီအတွင်းရေးမှူး ဦးသက်နိုင်ဦး က အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် အကြောင်းအရာများအား ဖတ်ကြားတင်ပြရာ အစည်းအဝေး တက်ရောက် လာကြသူများက လုပ်ငန်းတစ်ခုချင်းအလိုက် ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၅) ကြိမ်မြောက် လုပ်ငန်း အစည်းအဝေးတွင် ယခုအစိုးရကာလ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာသည့် အမှုတွဲများအား စိစစ်ခြင်း ၊ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏(၃/၂၀၁၆)အစည်း အဝေးဆုံးဖြတ် ချက်အရ ပြန်လည်စိစစ်ရန် အကြောင်းကြား ထားခြင်းအပေါ် ပြန်လည် တင်ပြလာသည့် ကိစ္စရပ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၄/၂၀၂၀) အစည်းအဝေး ဆုံးဖြတ် ချက်အရ ပြန်လည်စိစစ် တင်ပြရန် ကိစ္စရပ်၊ ယခုအစိုးရ ကာလ သက်ဆိုင်ရာ ဝန်ကြီး ဌာနများမှ သဘောထားမှတ်ချက် ပြန်ကြားလာသည့် အမှုတွဲများ စိစစ်တင်ပြခြင်း ကိစ္စရပ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာခြင်း ကိစ္စရပ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများသည် ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ဃ) ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ပြီး၊ ပေးဆောင်ရမည့် မြေခွန်များကို ပေးဆောင်ရန် ပျက်ကွက်မှုအား ဥပဒေပုဒ်မ ၂၁ နှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ကိစ္စနှင့် စပ်လျဉ်း၍ စစ်ကိုင်း တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် စီမံခန့်ခွဲရေး ကော်မတီတို့မှ အထူး အဖွဲ့အမည်စာရင်း အဆိုပြုတင်ပြလာသည့် ကိစ္စရပ်၊ ယခင်ဗဟိုအဖွဲ့မှ ခွင့်ပြုထားသည့်မြေလွတ်၊ မြေရိုင်းများအား ပြန်လည်အပ်နှံခွင့်ပြုပါရန် လျှောက်ထားလာခြင်း ကိစ္စရပ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်း အပေါ် ကန့်ကွက်လွှာ တင်သွင်းခြင်း အား စိစစ်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းခြင်းကိစ္စရပ်များကို ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။

ယခင်ဝန်ကြီးဌာန ကြိုတင်ခွင့်ပြုချက်နှင့် ဒေသအာဏာပိုင်ခွင့်ပြုချက်တို့ဖြင့် မြေရယူ ထားသည့် ကုမ္ပဏီ၊အဖွဲ့အစည်း၊တပ်ရင်းတပ်ဖွဲ့များ အနေဖြင့် ထိုစဉ်ကာလ က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့သို့လည်းကောင်း၊ ၂၀၁၂ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ စီမံခန့်ခွဲရေးဥပဒေ ပြဌာန်းပြီးနောက်ပိုင်း ၌ အဆိုပါ ဥပဒေအရ လည်းကောင်း၊ လုပ်ပိုင်ခွင့် အသုံးပြုခွင့် လျောက်ထား ရယူရမည် ဖြစ်သော်လည်း လျောက်ထား ရယူခဲ့ခြင်း မရှိပါက အဆိုပါ မြေပေါ်တွင် မည်မျှပင် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိစေကာမူ  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစာရင်း၌ပင် ရှိနေသေးသည်ဖြစ်၍ တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်သူ များ အနေဖြင့် လျောက်ထားရယူရန်လိုအပ်ကြောင်း သိရှိရသည်။