ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

အမျိုးအသားအဆင့် ငါးမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (NADP)စတင်ဆောင်ရွက်ခြင်း အခမ်းအနား ကျင်းပ

အမျိုးအသားအဆင့် ငါးမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (National Aquaculture Development Plan- NADP) စတင်ဆောင်ရွက်ခြင်း အခမ်းအနား ကို မတ်လ (၁၃)ရက်နေ့နံနက်၉ နာရီက နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်း ဗဟိုဌာန-၂(MICC-2) ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဥရောပ သမဂ္ဂ သံအမတ်ကြီး H.E. Kristian Achmidt နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးမှ ကောင်စစ်ဝန် Mrs. Marianna Knirsch ၊ နေပြည်တော် ကောင်စီဝင် ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ   စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများ ဦးစီးဌာနများ နှင့် တက္ကသိုလ်များမှ မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် နှင့် ညီနောင်အသင်းများမှ တာဝန်ရှိ သူများ၊  ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းများ စုံညီစွာ တက်ရောက်ကြသည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာ တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွင် ရေသတ္တဝါမွေးမြူရေးကဏ္ဍသည် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ အမျိုးသားပို့ကုန်မဟာဗျူဟာ(NES) (၂၀၁၄-၂၀၁၉) တွင်လည်း ရေသတ္တဝါမွေးမြူရေးကဏ္ဍအား စီးပွားဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်များ ဖန်တီးမှုအတွက် တွန်းအားအဖြစ် အလေးပေးဖော်ပြခဲ့ပါ ကြောင်း၊ စီမံကိန်းဖော်ထုတ်ရေးဆွဲရန် လိုအပ်သည့် သုတေသနများ ဆောင်ရွက်ခြင်း၊ လုပ်ဆောင် ချက်များ ရေးဆွဲချမှတ်နိုင်ရေးတို့တွင် သက်ဆိုင်သူများအားလုံးပါဝင်သည့် ဆွေးနွေး ညှိနှိုင်းခြင်း များကို လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်ခဲ့ပြီး ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့အစည်းများ၊ ကျွမ်းကျင် ပညာရှင်များ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတစ်ဝန်းလုံးနှင့် ရေသတ္တဝါမွေးမြူရေး ကဏ္ဍတွင် ပတ်သက်ဆက်နွယ်သူအားလုံး၏ သန္နိဌာန်များနှင့် မျှော်မှန်းချက်များကိုလည်း ဤ စီမံကိန်းတွင် ကိုယ်စားပြုဖော်ပြထားကြောင်း၊ NADP တွင် အဓိကပါဝင်သောအချက်(၅)ချက်မှာ အားလုံးပါဝင်ဆောင်ရွက်မှုကို ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ပို့ကုန်ဝင်ငွေတိုးတက်စေခြင်း၊ အလုပ် အကိုင်များ ဖန်တီးပေးခြင်း၊ စားနပ်ရိက္ခာနှင့် အာဟာရဖူလုံပြည့်ဝရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ ဖြစ်ကြောင်း၊ NADP ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျေးလက် ဒေသနေ လူထုအသိုင်းအဝိုင်းမှ ထုတ်လုပ်လျက်ရှိသည့် အခြေခံကုန်စည်များကို တန်ဖိုးမြှင့်တင်ရန် သာမက မြင့်တက်လာသည့် ဝင်ငွေပမာဏနှင့် အကျိုးအမြတ်ကိုလည်း ယခုကဏ္ဍတွင် ပံ့ပိုးပါဝင် နေကြသည့် သက်ဆိုင်သူအားလုံးအကြား တန်းတူညီမျှ မျှဝေခံစားခွင့် ရရှိအောင် ကြပ်မတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အသားငါးနှင့် ရေထွက်ပစ္စည်း ရောင်းဝယ် ဖောက်ကားခြင်း လုပ်ငန်း ဆောင်ရွက်ကြသည့် လုပ်ငန်းရှင်များအနေဖြင့် အစား အသောက် ဘေးအန္တရာယ်ကင်းရှင်း မှုဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာကြရန် လိုအပ် ကြောင်း ပြောကြားသည်။

         ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဥရောပ သမဂ္ဂ သံအမတ်ကြီး  နှင့် ဂျာမနီသံရုံး ကောင်စစ်ဝန် တို့က ဂုဏ်ပြုအမှာစကားများပြောကြားကြသည်။ထို့နောက်  ပြည်ထောင်စုဝန်ကြီး ၊ ဥရောပ သမဂ္ဂသံအမတ်ကြီး  နှင့် ဂျာမနီသံရုံး ကောင်စစ်ဝန် တို့က  အမျိုးအသား အဆင့် ငါးမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကို ငါးလုပ်ငန်းဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင် က လက်ခံရယူခဲ့သည်။အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး နှင့် အခမ်းအနားတက်ရောက်လာကြသူများ သည် ခမ်းမအတွင်းခင်းကျင်းပြသထားသော စီမံကိန်းဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။          မြန်မာနိုင်ငံ၏ ငါးမွေးမြူရေးလုပ်ငန်းကဏ္ဍ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီညီဖွံ့ဖြိုး တိုးတက်ရေးနှင့် အဆိုပါကဏ္ဍ၌ ပါဝင်သက်ဆိုင်သူအားလုံးအတွက် ခြုံငုံအကျိုးသက်ရောက် တိုးတက်ရေးကိုထိရောက်စွာ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ဥရောပသမဂ္ဂ နှင့် ဂျာမနီနိုင်ငံ အစိုးရတို့၏ ကူညီပံ့ပိုးမှုဖြင့် မြန်မာ့ရေသတ္တဝါ မွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း(Myanmar Sustainable Aquaculture Programme – MYSAP) ကိုလည်းကောင်း၊ မြန်မာ့လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (Centre for Economic and Social Development – CESD)က အမျိုးအသားအဆင့် ငါးမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (National Aquaculture Development Plan – NADP)ကို လည်းကောင်း ဖော်ထုတ်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း MSDP ၏ မျှော်မှန်းချက်၊ မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာနှင့်ရင်းနှီးမြုပ်နှံမှုအစီအစဉ်  ADS ၏ အခြေခံစည်းမျဉ်းများ၊ အမျိုးသားပို့ကုန် မဟာ ဗျူဟာ NES နှင့် အခြား အမျိုးသားအဆင့် စည်းမျဉ်းမူဘောင်များ၏ လမ်းညွှန် ချက်နှင့်အညီ မြန်မာနိုင်ငံ၏ ငါးမွေးမြူရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် မူဝါဒနှင့် ဥပဒေမူဘောင်ဆိုင်ရာ အထောက်အပံ့များပေးရန် ရည်ရွယ်၍ အမျိုးအသား အဆင့် ငါးမွေးမြူရေး ကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(NADP)ကို ချိန်ညှိရေးဆွဲ ထားရှိကြောင်း ၊ အဆိုပါ စီမံကိန်းကို ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၅)နှစ်တာ အကောင် အထည် ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။