သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

အမျိုးသမီးများ နှင့် ကျေးလက်နေ ပြည်သူများအတွက် စွမ်းဆောင်ရည် မြှင့်တင်ခြင်း စီမံကိန်း နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

        စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ မျှော်မှန်းချက်ဖြစ်သော လူမှု စီးပွား ဘဝဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အထောက်အပံ့ဖြစ်စေမည့် အမျိုးသမီးများ နှင့် ကျေးလက်နေ ပြည်သူများအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်ရန် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန နှင့်Finn Church Aid (FCA)အဖွဲ့တို့ နားလည်မှု စာချွန်လွှာ(MOU) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို မတ်လ ၁၃ရက်နေ့ နေ့လယ်ပိုင်းက နေပြည်တော် ရုံးအမှတ် ၁၆ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး တက်ရောက် အမှာစကား ပြောကြားသည်။

         အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ Finn Church Aid (FCA) အဖွဲ့ အစည်းမှတာဝန်ရှိသူများ တက်ရောက် ကြပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင် နှင့် Finn Church Aid (FCA)အဖွဲ့ ဌာနေကိုယ်စားလှယ် Mr. Henry Braun တို့က အမျိုးသမီးများ နှင့် ကျေးလက်နေ ပြည်သူများအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ တွင် လက်မှတ်ရေးထိုးကြသည်။          ဖင်လန်နိုင်ငံ၊ ဟယ်ဇင်ကီးမြို့၌ အခြေစိုက်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သော FCA သည် မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့် ကျေးလက်နေပြည်သူများအတွက် စွမ်းဆောင်ရည် မြှင့်တင်ခြင်းစီမံကိန်းကို အမေရိကန်ဒေါ်လာ(၁)သန်းဖြင့် ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပြီး ဆင်းရဲနွမ်းပါသည့် အမျိုးသမီးများနှင့် လူငယ်လူရွယ်များအတွက် ရည်ရွယ် ဆောင်ရွက်ပေးမည် စီမံကိန်းဖြစ်သည်။

          စီမံကိန်းဒေသရှိ ပြည်သူများ ရေရှည်တည်တံ့သော အသက်မွေးကျောင်းလုပ်ငန်းများ လုပ်ကိုင်လာ နိုင်ရန်အတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ် သင်ကြား ပေးခြင်း၊ အမျိုးသမီးများအတွက် ကိုယ့်အားကိုယ်ကိုးအဖွဲ့များ ဖြစ်လာစေရန် ဖွဲ့စည်းပေး ခြင်း၊ သင်တန်းဆင်းများအတွက် တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်များ တည်ထောင်လုပ်ကိုင် နိုင်ရန် စက်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများနှင့် ရင်းနှီးငွေများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသ အသီးသီးမှ တောင်းဆို ချက်များ အရ မြန်မာနိုင်ငံတစ်ဝှမ်းတွင် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ် ပို့ချ ပေးလျက် ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ဒုတိယ (၁၂)လတာ ကာလအတွင်း အသက်မွေးဝမ်း ကျောင်းကာလတို သင်တန်း(၅၀၂)ကြိမ်နှင့် သင်တန်းသား(၁၀၃၆၃)ဦး မွေးထုတ်နိုင်ခဲ့ကာ  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အသက်မွေးဝမ်းကျောင်း သင်တန်း(၃၆၅) ကြိမ်ဖွင့်လှစ်ရန် လျာထားပြီး ဖေဖော်ဝါရီလအထိ သင်တန်း(၁၉၁) ကြိမ် တွင် သင်တန်းသား (၃၈၄၁) ဦး တို့အား အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။