ဦးစီးဌာနသတင်းများ

KOICA က ထောက်ပံ့သည့် ဟင်းသီးဟင်းရွက် မျိုးစေ့များနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ကျေးရွာအရောက် ကွင်းဆင်းပေးအပ်

ပြည်သူများ အဟာရပြည့်ဝ၍ ဘေးကင်းလုံခြုံသော ဟင်းသီးဟင်းရွက်များ စားသုံးနိုင်စေရန်၊ အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ပြီး မိသားစုစားသုံးမှုမှ ပိုလျှံသောသီးနှံများ အား အိမ်နီးချင်းများသို့ မျှဝေပေးနိုင်သဖြင့် နွေးထွေး ချစ်ကြည်သော လူမှုဝန်းကျင်အဖြစ် ဖော်ဆောင်နိုင်ကြစေရန် နှင့် မိသားစုအပိုဝင်ငွေ ရရှိနိုင် စေရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန က နိုင်ငံတစ်ဝန်း၌ မိသားစုအိမ်ခြံဝန်း စိုက်ခင်းများ ထွန်းကားလာရေးဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ “မြန်မာ့ စိုက်ပျိုး ပညာပေးရေး လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ခြင်းစီမံကိန်း”(Strengthening Agricultural Extension in Myanmar- SAEM) ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ကျေးရွာသစ် လှုပ်ရှားမှု SMU စီမံကိန်းဒေသများ သို့ ဟင်းသီးဟင်းရွက် မျိုးစေ့များနှင့်  နှာခေါင်းစည်း၊ သာမိုမီတာ စသည့် ကျန်းမာရေး အထောက် အကူပြု ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr.Lee Sang-Hwa ၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ KOICA Myanmar ရုံးမှ Chief Representative Ms. Lee Youn Soo ၊ စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို နှင့် တာဝန်ရှိသူများသည် ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် ရှိ ကျေးရွာသစ်လှုပ်ရှားမှု SMU စီမံကိန်းကျေးရွာများ ဖြစ်ကြသည့် ကံသာ၊ သော်မှော်ကုန်း၊ ကျွန်းကုန်းကျေးရွာများသို့ ရောက်ရှိကြပြီး ဟင်းသီး ဟင်းရွက် မျိုးစေ့များနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ကို ကျေးရွာသူ ကျေးရွာသားများ လက်ဝယ် အရောက် ပေးအပ်ကြသည်။

ထို့နောက် သံအမတ်ကြီး၊ ညွှန်ကြားရေးမှူးချုပ် နှင့်အဖွဲ့သည် မိသားစုအိမ်ခြံဝန်း စိုက်ခင်းများတွင်  ဟင်းသီးဟင်းရွက် မျိုးစေ့များထည့်သွင်းစိုက်ပျိုးပေးကြသည်။SAEMစီမံကိန်းမြို့နယ် ၂၇ မြို့နယ် ပါဝင်သည့် SMU စီမံကိန်း ၅၂ မြို့နယ် ၊  ကျေးရွာ(၁၃၆)ရွာ တို့မှ အိမ်ထောင်စုတို့အတွက် COVID-19 ကပ်ရောဂါကာလအတွင်း မိမိ အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုး နိုင်ကြစေရန် ၊ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ဖူလုံစေရန် တို့အတွက် KOICA က ဟင်းသီးဟင်းရွက်မျိုးစေ့  (Seed Kit)ပေါင်း (၄၀၅၀၀) ၊ ကျန်းမာရေး နှာခေါင်းစည်း၉၄၀၀၀ ကျော် ၊ ကိုယ်အပူချိန်တိုင်းသာမိုမီတာ ၊ လက်ဆေးစင်၊ ဆပ်ပြာ များကို  ထောက်ပံ့ဖြန့်ဖြူးပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။