စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ပေါက်အင်းစိုက်ကွင်း၏ တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ကျင်းပ ပြုလုပ်ရာ ပြပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုး ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၊ စိုက်ပျိုးရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်(စက်မှုသီးနှံစိုက်ပျိုးပညာပေးရေး)၊ ကော်ဖီ-ရာသီ သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းရွှေ၊ သုတေသနပညာရှင် ဒေါက်တာအောင်မိုးမျိုးတင့်၊ တောင်သူလယ်သမားများ၊ ခြံစိုက်ကွင်းများမှဝန်ထမ်းများ စုစုပေါင်း (၃၆၀)ခန့် တက်ရောက်ကြသည်။
အဆိုပါပြပွဲအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုး က အဖွင့်အမှာစကားပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့် က စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များအား ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းရွှေ က ဆီထွက်သီးနှံနှင့်ပဲမျိုးစုံသီးနှံများအကြောင်း ရှင်းလင်းပြောကြားပြီး သုတေသနပညာရှင် ဒေါက်တာအောင်မိုးမျိုးတင့် က ဂျုံမျိုး များ ရွေးချယ်မှုအစီအစဉ်တင်ပြသည်။
ထို့နောက် တောင်သူပညာပေးကွင်းသရုပ်ပြပွဲ သို့ တက်ရောက်လာကြသော တောင်သူများ က သိလိုသည်များအား စိုက်ပျိုးရေးဦးစီးဌာန Call Center သို့ တိုက်ရိုက်မေးမြန်းမှုအစီအစဉ် ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများသည် ပေါက်အင်းစိုက်ကွင်း အတွင်း စိုက်ပျိုးထားသော ဂျုံစိုက်ခင်း၊ နေကြာစိုက်ခင်းနှင့် ကုလားပဲစိုက်ခင်းများ ၊ လယ်ယာ သုံးစက်ကိရိယာများ အသုံးပြုမှုဆိုင်ရာများ အား ကွင်းဆင်း ကြည့်ရှုကြရာ တာဝန်ရှိသူများက ရှင်းလင်း ပြသ ကြကြောင်း သိရှိရသည်။