ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)စနစ်နှင့်အညီ ငါးပုစွန်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး။

ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် GAqP စနစ် ကျင့်သုံးခြင်းသည် နိုင်ငံခြားစျေးကွက်ရရှိရေးအတွက်သာ ရည်မှန်း ဆောင်ရွက်ခြင်း မဟုတ်ပဲ ပြည်တွင်း စားသုံးမှု အတွက် ဘေးကင်းပြီး အာဟာရပြည့်ဝသည့် ငါး၊ ပုစွန် နှင့် ရေထွက်ကုန်များ စားသုံးနိုင်ရေးအတွက်ကိုပါ ရည်ရွယ်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၊ ငါးမွေးမြူရေး လုပ်ငန်းအတွက် လယ်ယာမြေအခြားနည်း သုံးစွဲခွင့် လျောက်ထား ရာတွင် GAqP စနစ် ကျင့်သုံးမှသာ လက်ခံစိစစ် ဆောင်ရွက်ပေးတော့မည်ဖြစ်ကြောင်း၊ ဇန်နဝါရီလ (၁၃) ရက် နံနက် ၉ နာရီခွဲအချိန်က နေပြည်တော် ရုံးအမှတ် ၃၆ ၌ ကျင်းပပြုလုပ်သည့်  ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)စနစ်နှင့်အညီ ငါးပုစွန် မွေးမြူရေး လုပ်ငန်းများ စနစ်တကျဖြစ်စေရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေး တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

အစည်းအဝေး သို့ စီမံကိန်းဦးစီးဌာန နှင့် ငါးလုပ်ငန်းဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန် နှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများ ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။

ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)စနစ်နှင့်အညီ ငါးပုစွန် မွေးမြူရေး လုပ်ငန်းများ စနစ်တကျဖြစ်စေရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေး တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အဖွင့်အမှာစကား ပြောကြားရာ၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သည် ရေထွက် ပစ္စည်း များ နှင့် အသားငါးများ စံချိန်စံညွှန်း လိုအပ်ချက်များနှင့်အညီ အာမခံနိုင်ရေးအတွက် တွန်းအားပေး‌ဆောင်ရွက်လျက်ရှိပြီး မွေးမြူရေး ငါး၊ ပုစွန်နှင့် ကဏန်းပျော့များကို ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့ခွင့်ရရှိရေးအတွက် အမျိုးသားအဆင့် ဓါတ်ကြွင်းထိန်းချုပ် မှု အစီအမံကို ဥရောပသမဂ္ဂသို့ နှစ်စဉ်တင်ပြခဲ့ရာ နမူနာကောက်ယူဓါတ်ခွဲ စစ်ဆေးမှုရလဒ် ကောင်းများကြောင့် ဥရောပသို့ မွေးမြူရေးငါးများ တင်ပို့ခွင့်ရရှိပြီးဖြစ်သော်လည်း တင်ပို့ ခွင့်ရ ငါးမွေးကန်များတွင် ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP)စနစ်ကို အကောင်အထည်ဖော်ပြီးမှသာ ဆက်လက် တင်ပို့ခွင့် ရရှိမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ငါးသယံဇာတများကို ထိန်းသိမ်းခြင်းဖြင့် ငါးရိက္ခာဖူလုံစေရန်၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်  တို့အတွက် ဥပဒေနှင့် အညီ ဆောင်ရွက်သွားရေးဆိုင်ရာ မူဝါဒများကို ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊

မိမိတို့လုပ်ငန်းနယ်ပယ်အလိုက် တာဝန်ယူထားကြသူများအားလုံးသည် သက်ဆိုင်ရာ ဌာနများ၏ ခေါင်းဆောင်များဖြစ်သည်နှင့်အညီ ကောင်းမွန်သော တွေးခေါ် မျှော်မြင် နိုင်မှု နှင့် တီထွင်ဆန်းသစ်နိုင်မှုစွမ်းအားများကို ပေါင်းစပ်ပြီး  လက်ရှိ အခြေအနေကို ကောင်းစွာ အသုံးချ၍ ရလဒ်ကောင်းများဖော်ဆောင်နိုင်ရေး ကြိုးပမ်းကြစေ လိုကြောင်း၊ တစ်ချိန်တည်း မှာပင် မိမိတို့၏ အသိအမြင်ဗဟုသုတ  နည်းပညာများ ကို မိမိလက်အောက်ဝန်ထမ်းများ၊ တောင်သူများ၊ လုပ်ငန်းနှင့်ဆက်စပ်သူများ အား ဖြန့်ဝေ ပေးခြင်းလုပ်ငန်းကိုလည်း တိုးမြှင့်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နည်းပညာပြန့်ပွားရေး ဝန်ထမ်းများအတွက် လိုအပ်သော အထောက်အပံ့များ ဖြည့်ဆည်းပေးသွားရမည်ဖြစ်ကြောင်း၊  မိမိဝန်ထမ်းများ လုပ်ချင်ကိုင်ချင်စိတ် သင်ယူလိုသောစိတ် တိုးတက်လိုသောစိတ်များ ပေါ်ပေါက်လာရန် စီမံဆောင်ရွက်ပေးနိုင်ကြခြင်းဖြင့် ခေါင်းဆောင်ကောင်းများအဖြစ် စွမ်းဆောင်ပေး ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

       ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော် က ငါးရိက္ခာ ဖူလုံရေးနှင့် စားသုံးသူများအတွက် ဘေးဥပါဒ် မဖြစ်စေဘဲ အာဟာရပြည့်ဝသော ကျန်းမာရေးနှင့်ညီညွတ်သည့် ထုတ်ကုန်များဖြစ်စေရန်  တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ငါး၊ ပုစွန်မေွးမြူရေးကန်များ အား ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေး ကျင့်စဉ်(GAqP) လိုက်နာဆောင်ရွက်ကြရေး စီမံဆောင်ရွက်ထားမှုများ နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူးများက ဒေသအလိုက် လုပ်ငန်းစီမံချက်များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက် ဆွေးနွေး မှာကြားသည်။

Guideline on ASEAN GAqP for Food Fish ကို ASEAN ဒေသတွင်းနိုင်ငံများမှ သဘောတူညီချမှတ်ပြီးဖြစ်သည့်အတွက် အဆိုပါ Guideline နှင့်အညီ ASEAN အဖွဲ့ဝင်နိုင်ငံများ က လိုက်နာဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် GAqP Certificate ရရှိထားသည့် ငါးမေွးကန်များ၏ ရေထွက် ပစ္စည်းများအား နိုင်ငံတကာ စျေးကွက်သို့ ထိုးဖောက်တင်ပို့ နိုင်ရေးကြိုးပမ်းလျက်ရှိသည်။ သဘာဝက ဖမ်းဆီးရရှိသည့် ငါး၊ ပုစွန်များနှင့် မွေးမြူရေး ငါး၊ ပုစွန်နှင့်  ကဏန်းပျော့များအား ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့နိုင်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ငါး/ပုစွန် မွေးမြူရေး ဧကပေါင်း လေးသိန်းကျော်၊ မြစ်ချောင်း၊ အင်း၊ အိုင် ရေချို ဧရိယာစုစုပေါင်း ဧက (၅၃.၃၀) သန်း အပြင် ကမ်းဦးရေတိမ်ပိုင်း စတုရန်းမီတာ နှစ်သိန်းကျော်နှင့် ပိုင်နက်ပင် လယ်ပြင် ဧရိယာ စတုရန်းကီလိုမီတာ ‌လေးသိန်းရှစ်သောင်း ကျော်ရှိသဖြင့် ရေချို/‌ရေငန် ငါး ပုစွန် သယံဇာတများစွာရှိရာ မွေးမြူရေးဧက လေးသိန်းကျော် တွင် ဧက တစ်သောင်းနီးပါးခန့် သာ GAqP Certificate ရရှိထားသည့်အတွက် ကျန်ဧရိယာများ တွင်လည်း GAqP စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ်လျက်ရှိသည်။ လက်ရှိတွင်  ငါးမေွးကန် (၄၉၈)ကန် (ဧကအနေဖြင့် ၉၂၅၄.၇၄ ဧက) တို့၌ GAqP Certificate ရရှိမှုနှင့်အတူ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။