ပြည်ထောင်စုအဆင့်သတင်း လယ်ယာကဏ္ဍ

တိုင်းဒေသကြီး ပြည်နယ်များတွင် စိုက်ပျိုးရေး နှင့် မွေးမြူရေး တွဲဘက်၍ စီးပွားဖြစ်လုပ်ကိုင်နိုင်ရေး အားပေးကူညီသွားမည်

              ဈေးကောင်းရသည့် တန်ဖိုးမြင့် သီးနှံများကို အရည်အသွေးကောင်း ထုတ်လုပ် နိုင်မှသာ စိုက်ပျိုး ထုတ်လုပ်သူများအတွက် အကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ သီးနှံပုံစံအလိုက် ရင်းနှီး မြုပ်နှံမှုနှင့် အကျိုးအမြတ်၊ ဈေးကွက်သေချာမှု အခြေအနေများ ကို တောင်သူသိရှိ ဆောင်ရွက် နိုင်စေရန် ဆွေးနွေးအကြံပြုပေးခြင်း၊ အများဆုံး အကျိုးအမြတ် ရရှိမည့် သီးနှံပုံစံ လုပ်ကိုင် ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သည့် နည်းပညာနှင့် အကူအညီ များ ပေးရန် လိုအပ်ကြောင်း၊ ပြည် ၊ အောင်လံ ဝန်းကျင်တွင် ဒေသအခြေအနေနှင့် ကိုက်ညီ ဆီလျော်မှု ရှိသည့် မွေးမြူရေးလုပ်ငန်းအစုအဖွဲ့များ နှင့် သမဝါယမများ ဖြစ်ပေါ်လာစေရန် ထိရောက်သည့် အစီအစဉ်များ ရေးဆွဲဆောင်ရွက် သွားမည်ဖြစ်ပြီး တိုင်းဒေသကြီး ပြည်နယ် များ ရှိ ရေမြေအခြေအနေ နှင့်ဆီလျော်သည့် ဒေသများ တွင်လည်း အလားတူ မွေးမြူရေး ဇုန်များ ဖော်ထုတ်လုပ်ကိုင်နိုင်ရေး ကို အားပေး ကူညီ သွားမည် ဖြစ်ကြောင်း၊ လွှတ်ကျောင်း မွေးမြူရေးစနစ်မှ စိုက်ပျိုး ထုတ်လုပ်ပြီးမွေးမြူသည့်စနစ်သို့ကူးပြောင်း ဆောင်ရွက်ရန် တိရစ္ဆာန်အစားအစာပင်များ လိုအပ်ကြောင်း ဇွန်လ ၁၃ ရက်နေ့က ပဲခူးတိုင်း ဒေသကြီး (အနောက်ပိုင်း) ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများ  ကွင်းဆင်း ဆောင်ရွက်ရာ၌ ဌာနဆိုင်ရာများ၊ ဒေသနေ တောင်သူများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

ဈေးကွက် လိုအပ်မှုမြင့်တက်နေသော်လည်း စနစ်တကျမွေးမြူထုတ်လုပ်၍ စီးပွားဖြစ် ဆောင်ရွက်နိုင်မှုအားနည်းနေသော တိုင်းရင်းကြက်များမွေးမြူထုတ်လုပ်ရေး သည် အဆောက် အဦး အစာ ဆေး နှင့် လုပ်အားခများကုန်ကျစရိတ်သက်သာစွာ မွေးမြူနိုင်ခြင်း၊ ဆိုးရွားသော ရာသီဥတုဒဏ် ရောဂါဒဏ်ခံနိုင်ခြင်းတို့ကြောင့် ရင်းနှီးမြုပ်နှံမှု ကုန်ကျ စရိတ်များ သက်သာပြီး ဈေးကွက်တွင် ဈေးကောင်းရသော တန်ဖိုးမြင့်ထုတ်ကုန် ဖြစ်ကာ မိသားစု တစ်ပိုင်တစ်နိုင် မှ စီးပွားဖြစ်အထိ လုပ်ကိုင်ဆောင်ရွက်နိုင်သောလုပ်ငန်း ဖြစ်၍ ကျယ်ကျယ် ပြန့်ပြန့် လုပ်ကိုင် ဆောင်ရွက် နိုင်ရေးအတွက် နည်းပညာနှင့် လိုအပ်သော အကူအညီများ၊ သမဝါယမအသင်းအဖွဲ့ ပုံစံဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေး တို့အတွက် ဆောင်ရွက် ပေးသွား မည် ဖြစ်ကြောင်း ပုဂ္ဂလိက လုပ်ငန်းရှင်(၅၀)ကျော်ဖြင့် စုဖွဲ့ဆောင်ရွက်နေသော ပေါင်းတည်မြို့ နတ်မော်ကျေးရွာ ရှိ တိုင်းရင်းကြက် မွေးမြူရေးခြံ၌ အစုအဖွဲ့ဝင်များ နှင့် တွေ့ဆုံ စဉ် ပြည်ထောင်စု ဝန်ကြီး က ဆွေးနွေး ပြောကြားသည်။

             ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် သဲကုန်းမြို့ အောင်နိုင်သစ္စာ ကုမ္ပဏီများ အုပ်စု ၏ အဆင့်မြင့် ဆန်စက် နှင့် ပေါင်းတည်မြို့ ပြည့်စုံအောင်မြင် အဆင့်မြင့် စပါးပေါင်းခံဆန်စက် များ တွင် အကျိုးတူကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက် နေကြသော ဆန်စက်လုပ်ငန်းရှင်များ၊ ဒေသနေ တောင်သူများ နှင့်တွေ့ဆုံ၍ နိုင်ငံတော်က လယ်ယာထွက်ကုန်များ ပြည်ပဈေးကွက်သို့ တင်ပို့ ရောင်းချနိုင်ရေး ၊ လိုအပ်သော နည်းပညာ နှင့် အကူအညီများပေးနိုင်ရေးအတွက် ဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ လုပ်ငန်းရှင်များ နှင့်တောင်သူများအနေဖြင့်လည်း အပြန် အလှန် အကျိုးပြုသော စီးပွားဘက်များအဖြစ် နားလည်ယုံကြည်မှုတည်ဆောက်၍ အရည် အသွေး ကောင်း တန်ဖိုးမြင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ကြရန် လိုအပ်ချက် များကို ဆွေးနွေးမှာကြားသည်။

အလားတူ ပြည်မြို့ လယ်ယာထွက်ကုန်ပစ္စည်း လက္ကားရောင်းဝယ်ရေး သမဝါယမ အသင်းအမှတ်(၃)လီမိတက် ၏ ခေတ်မီပျိုးဗန်းဖြင့် မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်နေမှု များ နှင့် လယ်ယာသုံးစက်ကိရိယာ ဝန်ဆောင်မှုလုပ်ငန်းများ ကို လည်းကောင်း ၊ သဲကုန်းမြို့နယ် ချမ်းမြေ့ ငါးကုန်ထုတ် သမဝါယမအသင်းလီမိတက်၏ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးခေါင်းပွငါးများ ထုတ်လုပ်မှုတို့ကိုလည်းကောင်း ကြည့်ရှု အားပေးပြီး လိုအပ်ချက်များအကြံပြုဆွေးနွေး ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် သာယာဝတီ စိုက်ပျိုးရေး သိပ္ပံကျောင်း ပြန်လည်ဖွင့်လှစ် နေမှုနှင့် သင်ကြားရေး ဆိုင်ရာ ကိစ္စရပ်များ၊ မွေးမြူရေး ဒီပလိုမာ သင်တန်း ဖွင့်လှစ်ရေးအတွက် ဆောင်ရွက်ရန် လုပ်ငန်းများကိုကြည့်ရှုစစ်ဆေးကာ သင်ကြားရေး ဝန်ထမ်း ဆရာ ဆရာမများ၏ အရည်အသွေးကို မြှင့်တင်ပေးရန် ၊ ပညာသင်ကြားလျက်ရှိသော ကျောင်း သား ကျောင်းသူများ ကို မွေးမြူရေး၊ စိုက်ပျိုးရေး ကဏ္ဍတွင်လို အပ်လျက်ရှိသော လက်တွေ့ လုပ်ငန်း ကျွမ်းကျင်သည့် အလယ်အလတ် ပညာရှင်များအဖြစ် မွေးထုတ်ရန် လိုအပ်ချက် များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။