ကူးစက်မြန်ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ အကြပ်အတည်းမှ ပြန်လည်ရုန်းထ နိုင်ရန် နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့လာစေရန် အဓိကအားထား ရမည့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် သမဝါယမကဏ္ဍများ အနေဖြင့် ပါဝင်သူအားလုံး၏ အင်အားကို ရယူအသုံးချ နိုင်ရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်သည့် ချဉ်းကပ်မှု ပုံစံဖြင့် ဆောင်ရွက်နိုင်ရေးနှင့် ရရှိထားသောချေးငွေများကို အလေအလွင့်မရှိ ထိရောက်စွာအသုံးချရေးကို အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၁၆) တွင် ကျင်းပပြုလုပ်သည့် သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ချေးငွေကြီးကြပ်မှု ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ ဗဟိုသမဝါယမအသင်း ဥက္ကဋ္ဌ နှင့် ချေးငွေကြီးကြပ်မှု ဗဟိုအဆင့်လုပ်ငန်းကော်မတီဝင်များ ၊ တိုင်းဒေသကြီး ပြည်နယ် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ အသင်းစုချုပ် ဥက္ကဋ္ဌများ ၊ တိုင်းဒေသကြီး ပြည်နယ်အဆင့် ချေးငွေကြီးကြပ်မှုလုပ်ငန်းကော်မတီဝင်များ က တက်ရောက်ခဲ့ကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် ချေးငွေကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်း အဝေး တွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ကဆွေးနွေးမှာကြားရာ၌ သမဝါယမ ဦးစီးဌာန ၊ ဗဟိုသမဝါယမအသင်း နှင့် အသင်းစုချုပ်များ ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ EXIM Bank ချေးငွေများ အပြည့်အဝ အသုံးချနိုင်ရေးနှင့် ပြန်လည် ကောက်ခံ ရရှိရေး ၊ ကိုရီးယားသမ္မတနိုင်ငံ ချေးငွေဖြင့်ရောင်းချနေသည့် Daedong လယ်ယာသုံး စက်ကိရိယာများ အားလုံး သုံးစွဲသူ လက်ဝယ် ရောက်ရှိရေး၊ ဝယ်ယူ အသုံးပြု သူများ အကျိုးရှိထိရောက်စွာ အသုံးပြု နိုင်ရေး၊ ရောင်းချပြီးနောက် ပြုပြင်ထိန်းသိမ်းမှု အတွက် လိုအပ်သောနောက်ဆက်တွဲ ဝန်ဆောင်မှုလုပ်ငန်းများ ဆက်လက် ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရေး၊ သမဝါယမနှင့် ပုဂ္ဂလိက လုပ်ငန်းများ ရှင်သန်မှုအပေါ် အားပေးကူညီ နိုင်ရေး အတွက် စက်မှုလယ်ယာဝန်ဆောင်မှု သမဝါယအသင်းများထွန်းကားလာစေရေး စီမံဆောင်ရွက် သွားရန် ကိစ္စရပ်များကို တိုက်တွန်းပြောကြားသည်။
သမဝါယမဦးစီးဌာနအနေဖြင့် ယနေ့ထိ သမဝါယမ အသင်းသားပြည်သူ (၄.၂)သန်း ကျော် ပါဝင်သည့် သမဝါယမအသင်းပေါင်း(၃၉၃၉၉)သင်း ဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့ပြီး ကုန်ထုတ် သမဝါယမ အသင်း ၈၁ ရာခိုင်နှုန်း ၊ ကုန်သွယ်မှု သမဝါယမ အသင်း ၈ ရာခိုင်နှုန်း နှင့် ဝန်ဆောင်မှု သမဝါယမ အသင်း ၁၁ ရာခိုင်နှုန်း ပါဝင်ဖွဲ့စည်း ထားရှိရာ စိုက်ပျိုး မွေးမြူရေး လုပ်ကိုင်နေသော သမဝါယမအသင်း ၈၀ ရာခိုင်နှုန်းကျော် ပါဝင်ကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ EXIM Bank ၏ ချေးငွေ အမေရိကန် ဒေါ်လာ သန်း(၄၀၀) ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ခု၊ မြို့နယ် (၂၆၂) မြို့နယ်၊ အသင်းပေါင်း (၂၅၄၉၆) သင်းမှ အသင်း သား ဦးရေ (၁.၇)သန်း အား ကူညီပံ့ပိုးပေးလျက်ရှိရာ ၎င်းတို့၏ အစု ကျပ်(၈.၅၉၃)ဘီလီယံနှင့် စုဆောင်းငွေ ကျပ်(၂၀၉.၅၀၁) ဘီလီယံ အပါအဝင် ပံ့ပိုးချေးငွေ ကျပ် (၁၆၆.၉၂၁) ဘီလံယံ စုစုပေါင်း ချေးငွေ (၃၈၅.၀၁၆) ဘီလီယံကို စိုက်ပျိုးရေးစရိတ်ချေးငွေ ၊ မွေးမြူရေး ချေးငွေ၊ အသေးစားစက်မှု လက်မှု လုပ်ငန်း ချေးငွေ၊ သွင်းအားစုချေးငွေ၊ အသင်းဆင့်မြှင့် တင်ရေးချေးငွေ၊ မျိုးစေ့ထုတ် လုပ်ရေး ချေးငွေ၊ HP ချေးငွေ၊ လယ်ယာ မြေ အဆင့်မြှင့်တင်ရေးချေးငွေ၊ လယ်ယာဝန်ဆောင် ချေးငွေများအဖြစ် ထုတ်ချေး ဆောင်ရွက်လျက်ရှိကြောင်း သိသည်။
ချေးငွေ ကြီးကြပ်မှု ဗဟိုကော်မတီကို ပြည်ထောင်စုဝန်ကြီး က ဦးဆောင် ၍ ဒုတိယ ဝန်ကြီး ဦးဆောင်သော ချေးငွေကြီးကြပ်မှု ဗဟိုအဆင့်လုပ်ငန်းကော်မတီ ၊ တိုင်းဒေသ ကြီး ပြည်နယ်အဆင့် ချေးငွေကြီးကြပ်မှု လုပ်ငန်းကော်မတီ၊ မြို့နယ် အဆင့် ချေးငွေကြီးကြပ်မှု လုပ်ငန်းကော်မတီအဆင့်ဆင့် တို့ဖွဲ့စည်းပြီး ထုတ်ချေး ဆောင်ရွက်လျက်ရှိသည့်အတွက် သမ ဝါယမ ဦးစီးဌာန နှင့် အသင်းအဆင့်ဆင့်တို့မှ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ကြီးကြပ် ကောက်ခံ ဆောင်ရွက်လျက်ရှိသည်။ အလားတူ လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေး အတွက် အမေရိကန် ဒေါ်လာသန်း(၁၀၀)နှင့် ညီမျှသော ကိုရီးယားနိုင်ငံထုတ် လယ်ယာသုံး ပစ္စည်းများ အပါအဝင် စက်ကိရိယာများကို တောင်သူလယ်သမားများ အား ကြိုက်ရောင်း ကြိုက်ဝယ် ကာလရှည် အရစ်ကျစနစ်ဖြင့် ရောင်းချဖြန့်ဖြူး ပေးခဲ့ရာ အမေရိကန်ဒေါ်လာသန်း (၁၀၀) တန်ဖိုးရှိ Daedong လယ်ယာသုံး စက်ကိရိယာ (၄၄၁၆)စီးတွင် (၃၉၃၈)စီး ရောင်းချနိုင်ခဲ့ပြီး ကျန်ရှိစီးရေ (၄၇၈)စီး နှင့် ဆက်စပ်ပစ္စည်း(၆၄၅)ခု ကို ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိ သည်။