စားနပ်ရိက္ခာအာဟာရဖူလုံပြည့်ဝရေးသာမကပဲ လယ်ယာကုန်ထုတ် လုပ်မှုဖြင့် လူနေမှု အဆင့်အတန်း မြင့်မားရေးဆောင်ရွက်ရန် ရည်ရွယ်၍ လယ်ယာမြေများကို ကာကွယ်ရန် မူဝါဒများ တိတိကျကျချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အများပြည်သူအကျိုးငှာ မြေယာများအသုံးချရန် လိုအပ်ပါက မြေယာလျော်ကြေး သီးနှံလျော်ကြေးများ ပေးလျော်ရန် ကိစ္စရပ်များအပေါ် သင့်တင့် မျှတမှုရှိစေရေးအတွက် စေ့စေ့ စပ်စပ် စိစစ်သုံးသပ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဥပဒေအရ ပေးအပ်သောမြေယာလျော်ကြေးများကို မူလပိုင်ရှင်များ နှောင့်နှေးမှုမရှိ ခံစားနိုင်စေရေး နှင့် နိုင်ငံတော်၏ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသ၏ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ကြန့်ကြာမှုမရှိစေပဲ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် တည်ဆဲ ဥပဒေ ၊ နည်းဥပဒေများ ၊ နိုင်ငံတော် က ချမှတ်ထားသည့် မြေယာဆိုင်ရာ မူဝါဒများနှင့်အညီ တိကျ မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဇွန်လ(၈) ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ ၏ ဒုတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးတင်ထွဋ်ဦး က ပြောကြားသည်။
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ သို့ အဓိကတင်ပြလာသည့် ကိစ္စရပ်များမှာ လယ်မြေကို အခြားနည်းအသုံးပြုခွင့်လျောက်ထားမှုများဖြစ်ပြီး လယ်မြေမှအပ အခြားမြေများအား နေပြည်တော်ကောင်စီ တိုင်းဒေသကြီး ပြည်နယ် အုပ်ချုပ်ရေး ကောင်စီများက စီမံဆောင် ရွက်ခြင်းကိုလယ်ယာမြေ ဥပဒေများအရ ခွင့်ပြုပေးထားပြီးဖြစ်သည်။နိုင်ငံ၏ ကုန်ထုတ် စွမ်းအားတိုးတက်ရေး ၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး အတွက် အခြေခံအဆောက် အဦးများဖြစ်သော စက်ရုံ အလုပ်ရုံများ တည်ဆောက်ရန် မြေယာအသုံးပြုမှု လျောက်ထားရာတွင် လျှပ်စစ်မီးရရှိမှု၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေ၊ အလုပ်သမားရရှိနိုင်မှု၊ မြို့ရွာများနှင့် ထိစပ်မှုအခြေအနေ၊ သုံးစွဲမည့်ရေအရင်း အမြစ်အခြေအနေများ အပြင် အဓိကစားနပ်ရိက္ခာ ဆန်စပါးဖူလုံမှုကို ထိခိုက်မှု မရှိစေရန် ၊ ဆည်ရေသောက်ဧရိယာများ ၊ စနစ်ကျ စက်မှု လယ်ယာမြေများ လျော့ပါးမှုမရှိစေရန် တို့ကိုစိစစ်သုံးသပ်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ဒုတိယအကြိမ်အဖြစ် ယနေ့ ကျင်းပ ပြုလုပ်သည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး၌ စီမံကိန်းလုပ်ငန်းများတွင် အသုံး ပြုခဲ့ရသည့် စိုက်ပျိုးမြေများအတွက် နစ်နာကြေး၊ လျော်ကြေး ပေးချေရန် ကိစ္စရပ်များ၊ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် ဆိုင်ရာကိစ္စရပ်များ၊လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် သက်ဆိုင်သည့် အမှုတွဲများ၊ လယ်ယာမြေဥပဒေပုဒ်မ ၂၈ (က) အရ မူလစိုက်ပျိုးလျက်ရှိသည့် သီးနှံအမျိုးအစားမှ အခြား သီးနှံအမျိုးအစားသို့ ပြောင်းလဲစိုက်ပျိုးခွင့်ပြုရန် လျှောက်ထားချက် နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုအဖွဲ့ မှ လုပ်ပိုင်ခွင့်ပြု ထားသည့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းကို လယ်ယာမြေအဖြစ် သတ်မှတ်ပေးရန် လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၄ နှင့် လယ်ယာမြေ နည်းဥပဒေ ၃၅၊ ၃၆ တို့အရ လျှောက်ထားလာသည့် အမှုတွဲ များနှင့် ပတ်သက်၍ လည်းကောင်း၊ နေပြည်တော် တိုင်းဒေသကြီး/ ပြည်နယ်၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များ က ဖြေရှင်းဆောင်ရွက်လျက်ရှိသော လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုများနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးစိစစ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။