ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရာသီဥတုနှင့် လိုက်လျောညီထွေသော လယ်ယာကဏ္ဍအဖြစ် ရေရှည် ရပ်တည်နိုင်ရန် ရေအသုံးချမှု နှင့် ‌ရေစီမံခန့်ခွဲရေးဆိုင်ရာ နည်းပညာများ အပြည့်အဝ အသုံးချရန်လိုအပ်

 

ပြောင်းလဲသက်ရောက်လာလျက်ရှိသည့် ရာသီဥတုအခြေအနေ ပုံမှန်မဟုတ်သည့် မိုးရွာသွန်းမှု များ ကြောင့် ဆည်များရေအဝင် သိသာစွာ လျော့နည်း ကျဆင်းလာခြင်း၊ စိုက်ပျိုးရေ သောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ်ခြင်း၊ အချို့ဒေသများ ရေကြီး ရေလျှံခြင်း ဖြစ်ပေါ်မှုများ အား အကောင်းဆုံး ရင်ဆိုင်ကျော်လွှားနိုင်ရေးနှင့်   ကြံ့ကြံ့ခံနိုင် ရည်ရှိသော လယ်ယာကဏ္ဍအဖြစ် ရေရှည်ရပ်တည်နိုင်ရန်  ရေအသုံးချမှု နှင့် ‌ရေစီမံ ခန့်ခွဲရေး ဆိုင်ရာ နည်းပညာများ အပြည့်အဝအသုံးချရန်လိုအပ်ကြောင်း မေလ(၃၀) ရက်နေ့ က မကွေးတိုင်း ဒေသကြီးအတွင်းရှိ ဆည်ရေလှောင်တမံများ၊ မြစ်ရေတင် လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

မကွေးတိုင်းဒေသကြီးရှိ ကမ်းနီမြစ်ရေတင်စီမံကိန်းသည် ဧရာဝတီမြစ်မှ ရေကို ရေပေါ် ရေတင် စက်များ ဖြင့် ပင်မရေတင်စခန်း အမြင့် (၈၇)ပေသို့ တင်ပို့ပြီး ပင်မမြောင်း(၂.၆)မိုင် ၊ လက်တံ မြောင်း (၃.၆)မိုင် တူးမြောင်းအဆောက်အဦး(၇၂)ခုဖြင့် စိုက်ပျိုးမြေ(၇၅၇)ဧက ကို အကျိုးပြု လျက်ရှိရာ နှစ်သီးမှ သုံးသီးသို့ တိုးမြှင့်စိုက်ပျိုး နိုင်ကြရန် လက်ရှိပမာဏထက် စိုက်ပျိုးရေ ပိုမို ပေးဝေနိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင်းသုံး ဆိုလာပန့်များ ပြောင်းလဲအသုံးပြုနိုင်မည့် အခြေအနေများကို လေ့လာစူးစမ်းလျက်ရှိသည်။

စိုက်ပျိုးမွေးမြူရေးနှင့် ဒေသစိမ်းလန်းစိုပြည်ရေး ၊ သောက်သုံးရေဖူလုံရေးအတွက် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် တွင် ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် ဆိုလာလျှပ်စစ် ကို အသုံးပြု၍ မြစ်ရေတင် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်  တာဝန်ရှိ သူများက ကွင်းဆင်းလေ့လာခြင်း၊ စီမံကိန်းရေးဆွဲအတည်ပြုခြင်း၊ စတင်အကောင်အထည် ဖော်ခြင်းလုပ်ငန်းများကို ကာလတိုအတွင်း ပြီးစီးရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ အလားတူ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားသည့် မြစ်ရေတင်လုပ်ငန်းများ အမြန်ဆုံး ပြန်လည် အသက်သွင်းနိုင်ရေးနှင့် ထပ်ဆင့်ရေတင်စက်ရုံများ တွင် နေရောင်ခြည် စွမ်းအင်သုံး ဆိုလာစနစ် ပြောင်းလဲအသုံးပြုနိုင်ရေး၊ သောက်သုံးရေ ရရှိရေးအပြင် ရာသီဥတု ပြောင်းလဲမှု ဒဏ်ကို  လျော့ပါးနိုင်ရေးအတွက် ချောင်း၊ မြောင်းများတွင် စီးဆင်းနေသည့် ရေများကိုလည်း ချောင်းပိတ်၊ မြောင်းပိတ် စနစ်များဖြင့် ထိန်းသိမ်းအသုံးပြုနိုင်ရေး လုပ်ငန်းများကို စီမံ ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးတွင် အဓိက ဆည်ရေသောက်စနစ်ဖြစ်သော အထက်ဗူးရွာ ရေလှောင် တမံစီမံကိန်း၊ ဗူးရွာ ရေလှောင် တမံ စီမံကိန်း၊ မုန်းချောင်း ရေလှောင်တမံ ၊ ကြီးအုံကြီးဝ ရေလှောင်တမံများကို မုန်းချောင်းပေါ်တွင် တည်ဆောက် ထားခြင်းဖြစ်ပြီး မဲဇလီရေလွှဲဆည် ရေသောက်စနစ်သို့ ရေအပြည့်အဝ ပို့လွှတ် ပေး နိုင်ရေး စီမံဆောင်ရွက် ထားခြင်းဖြစ်သည်။ ရေလမ်းကြောင်းတစ်ခုတည်း ပေါ်တွင် ဆက်သွယ် တည်ဆောက် ထားခြင်း ဖြစ်၍ မိုးတွင်း ရေအဝင် များ ချိန် တွင် ရေကိုအဆင့်ဆင့် ထိန်းချုပ်၍ ရေပိုလွှဲများ မှ ရေများ စီးထွက်နိုင်စေရန် စီစဉ်ထားရှိမှုကြောင့် စေတုတ္တရာမြို့နယ်အတွင်း နှစ်စဉ် ကြုံတွေ့ နေရသည့် ရေကြီး ရေလွှမ်းမှုကိုလျော့ချနိုင်ခြင်းဖြစ်ကြောင်း၊ ထို့အပြင် ကြီးအုံကြီးဝ ရေလှောင်တမံ၏ အကျယ် ပေ ၂၀၀ ရှိ အကူရေပိုလွှဲတွင် (၈)ပေအမြင့်ရှိ ဟိုက်ဒရောလစ် ရှပ်တာ(Hydraulic Elevating Dam – HED) တပ်ဆင် အသုံးပြု သွားမည် ဖြစ်ပြီး အဆိုပါ လုပ်ငန်း ဆောင်ရွက် ပြီးစီး ပါက ရေဧကပေ (၃၇၀၀၀)ကျော် ပိုမို သိုလှောင် နိုင်မည် ဖြစ်၍ လျှပ်စစ်ဓါတ်အား (၃၅၀၀) မဂ္ဂါဝပ် ပိုမိုထုတ်လုပ် နိုင်မည်ဖြစ်သည်။

           ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် ဝါစိုက်ပျိုးထုတ်လုပ်မှု ဧရိယာအများဆုံး ဖြစ်သည့် မကွေးတိုင်းဒေသကြီးအတွင်း လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးမှု မြှင့်တင်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်စဉ် မင်းဘူး(စကု)မြို့နယ် ဝါစက်ရုံတွင် ဝါစိုက်တောင်သူများနှင့် လည်းကောင်း၊ ဝင်ငွေကောင်းသည့် နှစ်ရှည်သီးနှံပင်များဖြစ်သော ကော်ဖီ နှင့် မက္ကဒေးမီးယား ပင်များ တိုးချဲ့စိုက်ပျိုးရေးအတွက်  ငဖဲမြို့နယ် နတ်ရေကန် ကော်ဖီခြံတွင် ဒေသခံ ကော်ဖီ တောင်သူများနှင့်လည်းကောင်းတွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး အတွက် မျိုး ၊ နည်းပညာ နှင့် လိုအပ်ချက်အကူအညီများဖြည့်ဆည်းပေနိုင်ရေး၊ ကုန်ထုတ် သမဝါယမ အသင်းများ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

နတ်ရေကန်ကော်ဖီစိုက်တောင်သူများအနေဖြင့် အာရေးဗီးကား ကော်ဖီမျိုးများကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ဒေသတွင်းနှင့် ပြည်တွင်းဈေးကွက်တွင် ရောင်းချနိုင်ရေး နှင့် ရွာငံကော်ဖီကုန်သည်များမှတဆင့် ပြည်ပဈေးကွက်သို့ တင်ပို့ ရောင်ချနိုင်ရေးကို ဆောင်ရွက်လျက်ရှိရာ ကော်ဖီစိုက်တောင်သူများစုပေါင်းတည်ထောင်သည့် ကော်ဖီသမဝါယမ အသင်းအဖြစ် ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထူထောင်လုပ်ကိုင်နိုင်ရေးအတွက် သမဝါယမဦးစီးဌာနက ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး၊ ရှမ်းပြည်နယ် လုံဟေးကျေးရွာ Green Gold ကော်ဖီစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက် ၏ အတွေ့ အကြုံများကို တောင်သူများအချင်းချင်း အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ရေးအတွက်ကိုလည်း ပြည်ထောင်စုဝန်ကြီး က စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ နတ်ရေကန်ကော်ဖီစိုက်တောင်သူများ နေထိုင်ရာ ငဖဲမြို့နယ် တောင်ပေါ် ကျေးရွာ များ ဖြစ်သည့် လိုင်မြ၊ ဘုံးဘော၊ ပဇီ၊လင်းတဲ စသည့်ကျေးရွာများတွင် မြစိမ်းရောင် စီမံကိန်းကို ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ စီမံကိန်း၏ လည်ပတ်ရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သူ၊ မွေးမြူရေးလုပ်ကိုင်သူ နှင့် အရောင်းအဝယ်လုပ်ကိုင်သူများကို အတိုးနှုန်း ချိုသာစွာ ထုတ်ချေး ပေးခဲ့ သဖြင့် ကော်ဖီစိုက်တောင်သူများအပါအဝင် ကျေးရွာ ပြည်သူများ၏ လုပ်ငန်းများ အဆင်ပြေ အောင်မြင်လျက် ရှိကြောင်း သတင်းရရှိသည်။