တိုင်းဒေသကြီး ပြည်နယ်ဒေသအသီးသီး၏ ဒေသဝမ်းစာဖူလုံရေးနှင့် ထုတ်ကုန် တိုးမြှင့်ရေး၊ ပြောင်းလဲသက်ရောက်လာသည့် ရာသီဥတုဒဏ် ကြံ့ကြံ့ခံနိုင်ရေး တို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန က စိုက်ပျိုးရေရရှိရေး လုပ်ငန်းများကို ရနိုင်သမျှ နည်းလမ်းများဖြင့် ဖော်ထုတ်ပေးလျက်ရှိပြီး ဆည်ရေသောက်ဒေသများ နှင့် မြစ်ရေတင် ဧရိယာများ ၌ စက်မှုလယ်ယာစနစ်ကျ လယ်မြေများအဖြစ် ဖော်ထုတ်အသုံး ပြုနိုင်ရေး ၊ ရေအသုံးချသူ အဖွဲ့များ ဖွဲ့စည်း၍ တောင်သူများ ကိုယ်တိုင် ရေသွယ်မြောင်း ရေသွင်း မြောင်းများ ထိန်းသိမ်းခြင်း စီမံခန့်ခွဲခြင်း လုပ်ငန်းများကို စနစ်တကျလိုက်နာ ဆောင်ရွက် စေခြင်းဖြင့် ရေလေလွင့် ဆုံးရှုံးမှု မရှိစေရေးဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ရေရှားပါးသည့် အပြင် မြေအောက်ရေ ထုတ်ယူအသုံးပြုရန်ခက်ခဲသည့် မကွေးတိုင်း ဒေသကြီး တွင် သဘာဝ မိုးရေကို ခေတ်မီ နည်းပညာများအသုံးပြု၍ မြေအစိုဓါတ်ဖမ်း အသုံး ပြုနိုင်ရေး၊ ဈေးကွက်ဝင် အရည် အသွေးကောင်း ရေအနည်းလို သီးနှံများ စိုက်ပျိုးနိုင်ရေး အတွက် သီးနှံပုံစံများချမှတ် ပေးခြင်း၊ မျိုးပြောင်းလဲပေးခြင်းလုပ်ငန်းများ စီမံဆောင်ရွက်ပေးလျက်ရှိသည်။
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် နဘဲကုန်းကျေးရွာအုပ်စု ၊ ကိုရံ(တောင်) ကျေးရွာ ကွင်းအမှတ် (၁၃၈၃)တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် စက်မှုလယ်ယာ ဦးစီးဌာန က စက်မှု လယ်ယာ စနစ်ကျလယ်ယာမြေဧက(၁၅၀)ဖော်ထုတ်ပေးလျက်ရှိသည်။ တောင်သူ (၈၆)ဦး ပိုင်ဆိုင် သည့် အဆိုပါလယ်မြေများသည် ဆဒ္ဒန်ဆည် လက်တံအမှတ်(၁၂)မှ တဆင့် ဆည် ရေသောက်ပြီး ကုန်ထုတ်လမ်း(၁၆၀၀၀)ပေ၊ ကန်သင်း(၄၇၀၀၀)ပေ၊ ရေသွင်း မြောင်း (၁၆၆၈၅) ပေ၊ ရေနုတ်မြောင်း(၁၈၆၂၇)ပေပါဝင်သဖြင့် စိုက်ပျိုးရေကို အကျိုးရှိ ထိရောက်စွာ စီမံအသုံးပြုနိုင်ကြမည်ဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာများ ဝင်ထွက်ခြင်း နှင့် ရိတ်သိမ်းပြီး သည့် သီးနှံများ အဆင်ပြေလွယ်ကူစွာ သယ်ယူနိုင်ကြ မည်ဖြစ်သည်။
မေလ(၂၉)ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ စက်မှုလယ်ယာစနစ်ကျလယ်ယာမြေ ဖော်ထုတ်ရေးလုပ်ငန်းခွင်သို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ရောက်ရှိစစ်ဆေးအားပေးခဲ့သည်။
ထို့နောက် မြို့သစ်မြို့နယ် တောင်သူ ဦးမိုးသစ် ၏ ယာမြေ၌ မြေအောက်ရေ နှင့် ရိုးပိတ်ဆည် ရေ ကို နေရောင်ခြည် စွမ်းအင်ကိုအသုံးပြု၍ ရေပေးဝေသည့် ရေတင်စက်ဖြင့် စိုက်ခင်း ဖြည့်စွက်ရေ ပေးစနစ် စံပြစိုက်ခင်း ကိုလည်းကောင်း၊ မကွေးမြို့ ရှိ နို့စားနွား မွေးမြူရေး ပုဂ္ဂလိကခြံ၌ နွားစာနေပီယာမြက် စိုက်ပျိုးထားရှိမှု နှင့် နွားနို့များထုတ်လုပ် နေမှုကိုလည်းကောင်း၊
ကမ်းနီလျှပ်စစ်မြစ်ရေတင် ရေသောက် မြေပဲ စိုက်ခင်းတွင် စက်မှုလယ်ယာဦးစီးဌာန က ကျင်းပပြုလုပ်သည့် အချိန်တိုအတွင်း ထိရောက်စွာ ပက်ဖျန်းနိုင်သော ဆေးဖျန်းစက်ဖြင့် ပိုးသတ်ဆေးများ ပက်ဖျန်းပြသမှု တောင်သူ ကွင်းသရုပ်ပြပွဲကိုလည်ကောင်း ကြည့်ရှု အားပေး ပြီး ဒေသနေ တောင်သူများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး ၊ တစ်ပိုင်တစ်နိုင် မွေးမြူရေး နှင့် အသေးစား အိမ်တွင်းမှု ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်ရေး၊ သဘော ဆန္ဒညီညွတ်သူများ အချင်းချင်း စုပေါင်းဆောင်ရွက်သည့် ကုန်ထုတ်လုပ်ငန်း၊ ကုန်သွယ် လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရေး အတွက် သမဝါယမ အသင်းများ ဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို လည်းကောင်း၊ ဈေးကွက် လိုအပ်ချက်များ သိရှိနားလည်ရန် လိုအပ်ချက်များ၊ သမာရိုးကျ စိုက်ပျိုးသည့်ပုံစံမှ ဈေးကွက်ဝင်သည့် သီးနှံပုံစံဖြစ်အောင် စိုက်ပျိုးထုတ်လုပ်ရေး နှင့် GAP ကျင့်စဉ်များကိုတိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များကိုလည်းကောင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။