ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပဲခူးတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးမှု တိုးမြှင့်ဆောင်ရွက်ရေး ကြိုးပမ်း

ငါးသယံဇာတများ ရေရှည် ထိန်းသိမ်းနိုင်ရေး နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်၊ အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည် တည်တံ့ ပြန့်ပွားစေရန် အတွက် ငါးမြစ်ချင်း၊ ငါးခုံးမကြီးနှင့် ရွှေဝါငါးကြင်း ငါးကောင်ရေ (၂)သိန်း စိုက်ထည့်ပွဲ အခမ်းအနား ကို မေလ ၃၀ ရရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ် မြို့ဦးကင်းတံတား ၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီဝင် နှင့် ဌာနဆိုင်ရာ အကြီးအကဲ များ တက်ရောက်ကြပြီး ပဲခူးမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးခဲ့သည်။

ပဲခူးငါးလုပ်ငန်းစခန်း၊ သနပ်ပင် ငါးလုပ်ငန်းစခန်း၊ အုတ်ဖိုငါးလုပ်ငန်းစခန်း တို့မှ (၂)လက်မ အရွယ် ငါးသားပေါက် ကောင်ရေ (၁၂၄)သိန်း ထုတ်လုပ်ပြီး သဘာဝ မြစ်ချောင်းများနှင့် ဆည်ရေလှောင် တမံများ အတွင်းသို့ ငါးမျိုးစိုက်ထည့်သွားမည်ဖြစ်ရာ ယနေ့အထိ ပဲခူးတိုင်း ဒေသကြီးရှိ သဘာဝမြစ်ချောင်းများတွင် ငါးသားပေါက် ကောင်ရေ (၈)သိန်း၊ ဆည်ရေလှောင် တမံများတွင်(၁၄ ဒဿမ ၄၈)သိန်း၊ စုစုပေါင်းငါးကောင်ရေ (၂၂ ဒဿမ ၄၈)သိန်း စိုက်ထည့်ပြီး ဖြစ်ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည့် ပဲခူးတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍဖွံ့ဖြိုးမှုတိုးမြှင့်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်း နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရာက်ကြပြီး ဈေးကွက် လိုအပ်ချက် နှင့် ထုတ်လုပ်မှုဟန်ချက်ညီ ဆောင်ရွက်နိုင်ရေး၊ ကုန်ကြမ်းထုတ်လုပ်မှုမှ တန်ဖိုးမြှင့် ကုန်ချောထုတ်လုပ်မှု လုပ်ငန်း များ တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ဒေသ၏ ဝိသေသလက္ခဏာ ပါသော စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များ၊ စက်မှုလက်မှု ထုတ်ကုန်များ အရည်အသွေးမြှင့် တိုးတက် ဆောင်ရွက် နိုင်ရေး၊  မိသားစုတစ်ပိုင် တစ်နိုင်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး ရေးနှင့် အလုပ်အကိုင် ဖန်တီး ဖော်ဆောင် ပေးနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များ ကိုလည်းကောင်း၊ စိုက်ပျိုး မွေးမြူရေး နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် သက်ဆိုင်သူ အားလုံးတို့ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့ သမဝါယမဦးစီးဌာနအောက်ရှိ ရွှေမြန်မာ လက်မှုထည်ပစ္စည်းရောင်းဝယ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်း လီမိတက် နှင့် CO.OP အားကစားလေ့ကျင့်ရေးခန်းမများ ကို လည်းကောင်း၊ ပဲခူးငါးလုပ်ငန်း စခန်း ၏ ငါးသားဖောက်လုပ်ငန်း၊ မျိုးငါးပြုစုခြင်း၊ ဆေးထိုးသားဖောက်ခြင်း၊ ငါးမှုန်ပြုစုခြင်း၊ ငါးမျိုးပြုစုခြင်း(ငါးသန်)၊ ငါးမျိုးစိုက်ထည့်ခြင်း၊ ငါးမျိုးရောင်းချခြင်း လုပ်ငန်းများကို လည်းကောင်း၊ မြစိမ်းရောင်ကျေးရွာ ငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည် ဖော်ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ကို လည်းကောင်း ကြည့်ရှု စစ်ဆေး အားပေး သည်။

ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီး က အမှာစကား ပြောကြားရာတွင် နိုင်ငံတော် က ချမှတ်ထားသည့်မူဝါ လုပ်ငန်းစဉ်များ၊ ဝန်ကြီးဌာန ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး နှင့် တောင်သူနည်းပညာပေး ဆွေးနွေးပွဲ သင်တန်းများ တိုးမြှင့်ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချဌာနခွဲ ဓါတ်ခွဲခန်းများနှင့် မျိုးစေ့ဌာနရှိ ဓာတ်ခွဲခန်းကို လည်းကောင်း၊ ကဝမြို့နယ်၊ ဇွဲဘာကျေးရွာရှိ ပုဂ္ဂလိက ဥစားဘဲ မွေးမြူရေး လုပ်ငန်း နှင့် မျိုးဘဲသားဖောက် လုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေး အားပေး သည်။

ထို့နောက် ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာစိုက်ပျိုးပညာပေးစခန်း နယ်မြေအတွင်းရှိ မျိုးစေ့ထုတ်တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှု နှင့် ဈေးကွက် အခြေအနေများ ဆွေးနွေးပြောကြားပြီး ၊ တောင်သူမိသားစုများ အိမ်ခြံဝန်း ဟင်းသီး ဟင်းရွက် စိုက်ခင်းများ ထူထောင်စိုက်ပျိုးနိုင်ရေးအတွက် ဟင်းသီးဟင်းရွက် မျိုးစေ့များကို ဒုတိယဝန်ကြီး က ထောက်ပံ့ပေးအပ်ရာ ‌တောင်သူကိုယ်စားလှယ်က လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။