ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဆည်တမံကြီးများ၏ လုံခြုံရေး အစီအမံများ၊ သဘာဝဘေး ကာကွယ်ရေး အစီအမံများ တိုးမြှင့် ဆောင်ရွက်ထားရှိရန် လိုအပ်

         စိုက်ပျိုးရေရရှိရေး နှင့် ဒေသစိမ်းလမ်းစိုပြည်ရေးကို အထောက်အကူ ပြုလျက် ရှိသည့် ဆည်တမံကြီးများ ရေရှည် တည်တံ့ အကျိုးရှိစွာ အသုံးပြုနိုင်ရေး အတွက် လိုအပ် သော လုံခြုံရေး အစီအမံများ၊ သဘာဝဘေးကာကွယ်ရေးအစီအမံများ တိုးမြှင့် ဆောင်ရွက် ထားရှိရန် လိုအပ် ကြောင်း၊ ရေသောက်စနစ်များ ကို သတ်မှတ် ဘဏ္ဍာနှစ် အလိုက် တိုးချဲ့ ဆောင်ရွက် လျက် ရှိရာ တွင် သတ်မှတ်ရေသောက်ဧရိယာအားလုံး လွှမ်းခြုံ နိုင်သော  အရည်အသွေးမီသည့် တည်ဆောက်မှု လုပ်ငန်းများ ဖြစ်စေရေး အထူး ဂရုပြဆောင်ရွက်ရန်လိုကြောင်း၊ နှစ်အလိုက် လျော့နည်း လာသည့် မိုးရွာသွန်းမှုကြောင့် ဆည်တမံများ ရေအဝင် လျော့နည်းလာလျက်ရှိရာ ဆည်ရေလေလွင့် ဆုံးရှုံးမှု မရှိစေရေး နှင့် အကျိုးရှိစွာ အသုံးပြုနိုင်ရေးသည် ရေသောက်စနစ် အပေါ် တွင် များစွာတည်မီ လျက်ရှိကြောင်း၊ အခြားတစ်ဘက်တွင်လည်း ဆည်ရေသောက် တောင်သူများ ကိုယ်တိုင် ပါဝင်သည့် ရေသောက် မြောင်းများ ထိန်းသိမ်းရေး၊ စနစ်တကျ အသုံးပြု နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ၊ ရေအသုံးချသူအဖွဲ့များ တိုးချဲ့ဖွဲ့စည်းရေးနှင့် အဖွဲ့ဝင်များ အတွက် လိုအပ်သော အသိပညာများ ဆွေးနွေးဖြန့်ဝေပေးရေး လုပ်ငန်းများကိုပါ တပါတည်းဆောင်ရွက်ကြစေလိုကြောင်း မေလ(၂၉)ရက်နေ့က ပဲခူးတိုင်းဒေသကြီး ဖြူးချောင်း ရေလှောင်တမံ သို့ ရောက်ရှိ စစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က တာဝန်ရှိသူများအား ဆွေးနွေးပြောကြားသည်။

ဖြူးရေလွှဲဆည်တမံအမြင့် ၂၄၅ပေ၊ တမံအလျား ၁၀၂၀ပေ ရှိ  ဖြူးချောင်းရေလှောင်တမံသည်  နှစ်စဉ် ပျမ်းမျှ စီးဝင်ရေ ၆၆၈၃၆၀ ဧကပေ၊ ကန်ရေပြည့်ရေလှောင်ပမာဏ ၆၃၂၅၃၀ ဧကပေရှိသည့် ဇုန် အမျိုးအစား ကျောက်ဖြည့်တမံ ဖြစ်သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်ထိ ဆည်ရေသောက် စနစ်တစ်ခုလုံး၏ (၃၉)ရာခိုင်နှုန်း တည်ဆောက် ပြီးစီးခဲ့သဖြင့်  ဆည်ရေပေးဝေနိုင်မည့်ဧရိယာ ၉၀၀၀၀ ဧက အနက်  (၂၃၃၀၀) ဧကကို ရေပေးဝေနိုင်ရန် ဆောင်ရွက်ထားပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် တွင် ဆက်လက်ဆောင်ရွက်မည့် ရေသောက် စနစ်ပြီးစီးပါက စုစုပေါင်း (၂၉၈၀၀) ဧကကို စိုက်ပျိုးရေ ပေးဝေနိုင်မည် ဖြစ်သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ဗျက်ကလေးကျေးရွာ သို့ ရောက်ရှိ ကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က တာဝန်ယူ အကောင်အထည်‌ဖော် ဆောင်ရွက်လျက်ရှိသည့် နေရောင်ခြည်စွမ်းအင်သုံးဆိုလာ လျှပ်စစ်မီးလင်းရေးနှင့် သောက်သုံး ရေ ရရှိရေးလုပ်ငန်းများမှ အိမ်ခြေ ၁၆၇ အိမ် လူဦးရေ ၈၇၅ဦးတို့အား အကျိုးပြု ပေးနိုင်မှု တို့ကိုလည်းကောင်း၊ ဒိုက်ဦးမြို့နယ်၊ ဘောနီကျေးရွာ ရှိ ပုဂ္ဂလိက ဝက်မွေးမြူရေးခြံ  ကို လည်းကောင်း ကြည့်ရှုအားပေးပြီး မိသားစုဝင်ငွေတိုး တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး နှင့် တန်ဖိုးမြှင့်ကုန်ချော ထုတ်လုပ်မှုဖွံ့ဖြိုးလာရေး ဆိုင်ရာ ကိစ္စရပ် များကို အကြံပြုဆွေးနွေးခဲ့သည်။

ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ညနေပိုင်းတွင် ပဲခူးမြို့ရှိ ဆည်မြောင်းပညာရပ် ဖွံ့ဖြိုးမှု လေ့ကျင့်ရေး ဌာနခွဲ သို့ရောက်ရှိကြပြီး ဓာတ်ခွဲခန်းများကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းခန်းမ တွင် တိုင်းဒေသကြီးအဆင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ၍ အမှာစကား ပြောကြားခဲ့သည်။

ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ အနေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားရေးနှင့် နည်းပညာ ပြန့်ပွား တိုးတက်ရေး ဆိုင်ရာ သင်တန်းများ ၊ ဆည်မြောင်း စီမံကိန်းများ အတွက် တည်ဆောက်ရေး ပစ္စည်းများ ၏ အရည်အသွေး စမ်းသပ် စစ်ဆေး ပေးခြင်း ၊ ဆည်မြောင်း နည်းပညာများ အဆင့်မြင့် ဖွံ့ဖြိုးတိုးတက် စေရေး လုပ်ငန်းများ၊ မြေအမျိုးအစား များ ခွဲခြားခြင်း၊ ရေ၏ ဂုဏ်သတ္တိများ ဓာတ်ခွဲ စမ်းသပ် စစ်ဆေးခြင်း၊ ကွန်ကရစ် လုပ်ငန်းများ အတွက် ဓာတ်ခွဲ စမ်းသပ် မှုများ ဆောင်ရွက်ခြင်း လုပ်ငန်းများ၊ နည်းပညာပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းများ၊ ဆည်မြောင်း သုတေသန နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။