ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

လယ်ယာကုန်ထုတ် သမဝါယမ အသင်းများ ဥပဒေနှင့်အညီ ဖွဲ့စည်း လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သော ကူညီမှုများ စီမံဆောင်ရွက်ပေးမည်

တစ်ဧကထုတ်လုပ်မှု နှင့် လယ်ယာလုပ်သားတစ်ဦးချင်း ၏ ထုတ်လုပ်မှု စွမ်းအား မြှင့်တင် ပေးနိုင်ရေးအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ အပြည့်အဝ ကူးပြောင်း နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက် ရာ တွင် ရာသီဥတုပြောင်းလဲမှုဒဏ် ကြံ့ကြံ့ခံနိုင်ရေး နှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး အတွက် စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေများ တိုးချဲ့ဖော်ထုတ်ရန်လိုအပ်ကြောင်း  ၊ စိုက်ပျိုးရေ လေလွင့် ဆုံးရှုံးမှု လျှော့ချနိုင်ရေး အတွက် ရေအသုံးချသူအဖွဲ့များ ကို တိုးချဲ့ ဖွဲ့စည်းရေး၊ လယ်ယာကုန်ထုတ် သမဝါယမအသင်းများ ဥပဒေနှင့်အညီ ဖွဲ့စည်းလုပ်ကိုင်နိုင်ရေး  တို့အတွက် လိုအပ်သော ကူညီမှုများ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မေလ ၂၉ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် သပြေတန်းကျေးရွာအုပ်စု ၌ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြား သည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် သပြေတန်းကျေးရွာအုပ်စုရှိ ဆွာဆည် ရေသောက်စနစ် ကွင်းအမှတ် ၆၃၈ တွင် စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေ ဖော်ထုတ်ခြင်း လုပ်ငန်းခွင်တွင်  ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း၊ ရေသွင်း မြောင်းတူးဖော်ခြင်း၊ စိုက်ခင်း ရေသွင်း ရေထုတ်ပိုက်များတပ်ဆင်ခြင်း၊ ကန်သင်းပေါင် ပြုလုပ်ခြင်း၊ မြေညှိခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်း၏ ၇၅ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကာ မူလက ၁၂၆.၈ ဧက ရှိ သမားရိုးကျလယ်မြေ ၃၄၃ကွက် ကို ရေသွင်းမြောင်း ရေနုတ်မြောင်း ကုန်ထုတ်လမ်းများ ထည့်သွင်း၍ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေ ဧကကွက် ၁၂၂ ကွက် ဖော်ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ လယ်ယာသုံးစက်ကိရိယာများ လွယ်ကူစွာ ဝင်ထွက် နိုင်ခြင်း၊ စိုက်ပျိုးရေကို စနစ်တကျစီမံခန့်ခွဲနိုင်ခြင်း၊ လယ်ယာထွက်သီးနှံများကို အဆင်ပြေစွာ ရိတ်သိမ်းသယ်ယူနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများသည် ရေတာရှည်မြို့နယ် ဇမန်းသာ ကျေးရွာ နှင့် တောင်ငူမြို့နယ်၊ ဘုရားနှစ်ဆူ (အရှေ့ရွာ)များတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) ဖြင့် ကျေးရွာ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းခွင်များကိုလည်းကောင်း၊ တောင်ငူ မြို့နယ်၊ ကျွန်းကုန်း ကျေးရွာရှိ ပုဂ္ဂလိက ဥစားကြက်မွေးမြူရေးခြံတွင် နေရောင်ခြည် စွမ်းအင် သုံး အအေးခန်း စနစ်ဖြင့် ဥစားကြက် မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုများ ကို လည်းကောင်း ကြည့်ရှုအားပေးကြသည်။

အလားတူ တောင်ငူမြို့ ကေတုမတီ ငါးနှင့်ကြက်မွေးမြူရေးကုန်ထုတ် သမဝါယမ အသင်း လီမိတက်သို့ရောက်ရှိကြပြီး အသင်း၏ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက် မည့် လုပ်ငန်းဆိုင်ရာများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က စဥ်ဆက် မပြတ်တိုးတက်အောင်မြင်သော ငါးကုန်ထုတ် အသင်းတစ်သင်း အဖြစ် ရေရှည် ရပ်တည် နိုင်ရေး၊ မျိုးဆက်သစ်လူငယ်များအား လေ့ကျင့်ပညာပေးမှုဖြင့် လက်ဆင့် ကမ်း တာဝန်ပေး အပ်နိုင်ရေး ဆိုင်ရာများကို အကြံပြုဆွေးနွေးပြောကြားသည်။

ကေတုမတီ ငါးနှင့်ကြက်မွေးမြူရေးကုန်ထုတ် သမဝါယမ အသင်း လီမိတက် အနေဖြင့် အသင်းသား ဦးရေ (၃၅) ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ထားပြီး ထည့်ဝင်ပြီးအစု (၁၆၄၈) ကျပ်သိန်း၊ အသားတိုး ငါးမွေးမြူထုတ်လုပ်ရေးလုပ်ငန်း၊ ငါးဆေးထိုးသားဖောက်လုပ်ငန်း၊ ငါးဖြန့်ဖြူး ရောင်းချ ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ညနေပိုင်းတွင် ဖြူးမြို့နယ် ကြံသီးနှံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (ညောင်ပင်သာခြံ)သို့ ရောက်ရှိကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲ၊ တာဝန်ရှိသူများက ကြံအထွက် နှင့် သကြားအထွက်ကောင်းသော ကြံမျိုးသစ်များစမ်းသပ် မျိုးပွားများခြင်း နှင့် တောင်သူများ အား ဖြန့်ဝေခြင်း၊ နည်းပညာဆိုင်ရာပညာပေး လုပ်ငန်းများ၊ သုတေသနလုပ်ငန်း ဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဒေသနှင့် သင့်လျော်သည့် အထွက်ကောင်း ကြံမျိုးများရွေးချယ်ရန်၊ မျိုးကောင်းမျိုးသန့် ကြံမျိုးများ ထိန်းသိမ်းပွားများ၍ ကြံတောင်သူ များအား ဖြန့်ဝေပေးရန်၊ ကြံစိုက်တောင်သူများ၏ စိုက်ကွင်းအရောက် စဥ်ဆက်မပြတ် ကွင်းဆင်း၍ ပြောင်းလဲတိုးတက် လာသော နည်းပညာများ အား ဖြန့်ဝေပေးရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။