ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

တန်ဖိုးမြှင့်ကုန်ချောထုတ်လုပ်မှု ဖွံ့ဖြိုးလာရေး နှင့် အဆင့်မြင့် ဆီစက် များ ထူထောင်လုပ်ကိုင်နိုင်ရေး အားပေး သွားမည်

မြန်မာ့ ဆီအိုးကြီးတစ်အိုးဖြစ်သည့် မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုးရေ လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးကို ရနိုင်သမျှနည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ရပ်နားထားသည့် မြစ်ရေတင်လုပ်ငန်းများ အမြန်ဆုံး ပြန်လည် အသက်သွင်းနိုင်ရေးနှင့် ထပ်ဆင့်ရေတင်စက်ရုံများတွင် နေရောင်ခြည် စွမ်းအင်သုံး ဆိုလာစနစ် အသုံးပြုနိုင်ရေး ၊ သဘာဝမိုးရေကို ကွန်တိုစနစ် ကန်သင်းများဖြင့် ဖမ်းယူ၍ မြေအစိုဓါတ် ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မေလ ၂၉ ရက်နေ့ က မကွေး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မကွေး တိုင်းဒေသကြီး လယ်ယာကဏ္ဍမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးတင့်လွင် နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းအဆင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လယ်ယာကဏ္ဍအခြေခံသည့် အလုပ်အကိုင် အခွင့် အလမ်းများ ဖော်ဆောင်ပေးနိုင်ရေး၊ တန်ဖိုးမြှင့်ကုန်ချော ထုတ်လုပ်မှု ဖွံ့ဖြိုးလာရေးနှင့် လယ်ယာ ကုန်ထုတ်စက်မှုဇုန်များ ထူထောင်လုပ်ကိုင်နိုင်ရေး အတွက် လိုအပ်ချက်များ ကူညီအားပေးရန် ကိစ္စရပ်များကိုလည်းကောင်း၊ ခေတ်မီအဆင့်မြင့်ဆီစက်များ ထူထောင် လုပ်ကိုင်မည့် ရင်းနှီးမြှုပ်နှံ သူများ ဖိတ်ခေါ်၍ လိုအပ်သည့် ပံ့ပိုးကူညီမှုများ စီမံ ဆောင်ရွက် ပေးရန် လိုအပ်ချက်များ၊ စက်မှု လယ်ယာစနစ်သို့ ထိရောက်စွာကူးပြောင်းနိုင်ရေးနှင့် စက်မှု လယ်ယာဝန်ဆောင်မှု လုပ်ငန်း များ စွမ်းဆောင်မှုအား ပိုမိုကောင်းမွန်လာစေရေး၊ စက်မှု လယ်ယာ ဝန်ဆောင်မှုသမဝါယမ အသင်းများ၊ လယ်ယာကုန်ထုတ် သမဝါယမ အသင်းများ ဖွဲ့စည်းပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များ ကိုလည်း ကောင်း၊ တောင်သူလယ်သမားများ အထူး လိုအပ်နေသော သေချာသည့် သီးနှံဈေးနှုန်း ဖော်ဆောင်ပေးနိုင်ရေးအတွက် တောင်သူ ၊ ဆန်စက်ပိုင် ၊သွင်းအားစုရောင်းချသူတို့ သုံးပွင့်ဆိုင် ချိတ်ဆက် ညှိနှိုင်းပေးခြင်းဖြင့် အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် ဖွံ့ဖြိုးလာရေးဆိုင်ရာ ကိစ္စရပ် များ၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင်ရရှိရေး၊ ဝင်ငွေတိုးတက်ရေးနှင့် လူနေမှု အဆင့် အတန်း မြင့်မားရေးတို့ အတွက် ကာလတိုအတွင်း လက်တွေ့ အကောင်အထည် ဖော်ဆောင် နိုင်မည့် လုပ်ငန်းဆိုင်ရာ ကိစ္စရပ် များ ကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

အလားတူ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နှင့်အဖွဲ့ သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးအထူးပြု ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဆီစက် ပိုင်ရှင် များ၊ တောင်သူအစုအဖွဲ့များကို တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေး ခန်းမ ၌ တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှု၊ ကုန်စည်စီးဆင်းမှု၊ သီးနှံဈေးနှုန်းများနှင့် ကြုံတွေ့ ရသည့် အခက် အခဲများအပေါ် တောင်သူ ပုဂ္ဂလိက နှင့် ဌာနဆိုင်ရာများ ပူးပေါင်းကျော်လွှား နိုင်မည့် နည်းလမ်းများကိုလည်းကောင်း၊ ကုန်ကြမ်းထုတ်လုပ်မှုမှ တန်ဖိုးမြှင့် ကုန်ချောအဖြစ် တိုးတက် ထုတ်လုပ်နိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ ကုန်ပစ္စည်းအရည်အသွေးအာမခံချက်ရှိသည့် ဈေးကွက်  ဖော်ဆောင်နိုင်ရေးနှင့် ရောနှောဆီများတွင် ပါဝင်သည့် ဆီရာခိုင်နှုန်းများ တိကျမှန်ကန်စွာ ဖော်ပြ ပေးရန်လိုအပ်ချက်များ၊တစ်ဦးချင်းဆောင်ရွက်ခြင်းထက် အသင်းအဖွဲ့ပုံစံဖြင့် စုပေါင်း ဆောင်ရွက် ရန်လိုအပ်ချက်များကိုလည်းကောင်း၊ ဈေးကွက်က တောင်းဆိုမှုရှိသည့် အရည် အသွေးတူ ကုန်ပစ္စည်းကို စုပေါင်းထုတ်လုပ်၍လက်ကားဈေးကွက်သို့ ထိုးဖောက် ဝင်ရောက် နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

လယ်ယာကဏ္ဍမြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်ရန် မကွေးတိုင်းဒေသကြီး၌ ရောက်ရှိ နေစဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး နှင့်အဖွဲ့သည် နှမ်းကုန်ချောစက်ရုံ ကို လည်းကောင်း ၊ မကွေးမြို့နယ် သမဝါယမအသင်းဆီစက် နှင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချ လျက်ရှိသည့် နှမ်းအခွံချွတ်စက်ရုံများကို ကြည့်ရှုအားပေးပြီး ဈေးကွက်နှင့် နည်းပညာဆိုင်ရာ လိုအပ်ချက်များ အကြံပြုဆွေးနွေး အားပေးခဲ့သည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ပြည်တွင်းစားသုံးဆီ လိုအပ် ချက် ဖြည့်ဆည်းပေးနိုင်ရေးအတွက် အထွက်ကောင်း ဆီထွက်သီးနှံမျိုးများ ပြောင်းလဲ တိုးချဲ့ စိုက်ပျိုးရေး နှင့် ဆီထွက်ရှိမှုရာနှုန်းမြင့်မားသည့် အဆင့်မြင့်ဆီစက်များ ပေါ်ပေါက်လာရေး အားပေး ကူညီသွားမည်ဖြစ်ကြောင်း၊ သမားရိုးကျဆီစက်များမှ ထွက်ရှိလာသော နှမ်းဖတ် ပဲဖတ်များ တွင် ဆီ ၁၀% ခန့် ကျန်ရှိနေပြီး အဆင့်မြင့်ဆီစက်များအသုံးပြုနိုင်ပါက နှမ်းဖတ် ပဲဖတ်များတွင် ဆီ ၁% အောက်သာ ကျန်ရှိတော့မည်ဖြစ်ရာ တစ်နိုင်ငံလုံးရှိ ဆီစက်ပမာဏဖြင့် တွက်မည်ဆိုပါက ဆီထွက်ရှိမှု တိုးတက်လာစေမည်ဖြစ်ပြီး နှမ်းဖတ် ပဲဖတ်များကိုလည်း ကျန်းမာရေးနှင့်ညီညွတ်သော တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်မည်ဖြစ်၍ ပြည်ပမှ တင်သွင်း နေရသည့် တိရစ္ဆာန်အစာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံ လိုသူများ အနေဖြင့် အဆင့်မြင့်ဆီစက်များ ထူထောင်လုပ်ကိုင်နိုင်ရေး ဖိတ်ခေါ်အားပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။