နယ်သတင်းများ သတင်းကဏ္ဍ

ဝါစိုက်တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့်အကျိုးအမြတ်တိုးတက်ရရှိရေးကြိုးပမ်း

              ဝါစိုက်ပျိုးရန် မြေပြုပြင်ခြင်း၊ မျိုးစေ့ချခြင်း၊ ဆေးဖြန်းခြင်းလုပ်ငန်းများတွင် နည်းပညာသစ် စက်ကိရိယာများ အသုံးပြုဆောင်ရွက်မှုအား စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု ကွင်းသရုပ်ပြပွဲကို မေလ(၂၄)ရက်နေ့က မန္တလေး တိုင်းဒေသကြီး ၊ ဝမ်းတွင်းမြို့နယ် ၊ ဝါသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံ (ရွှေတောင်ခြံ)၌ ကျင်းပ ပြုလုပ်ရာ မိတ္ထီလာ စက်မှုလယ်ယာ ဗဟိုသင်တန်းကျောင်းမှ နည်းပညာသစ် လယ်ယာသုံးစက်ကိရိယာများ ကိုင်တွယ်ထိန်းသိမ်းမှုသင်တန်း တက်ရောက် လျက်ရှိသည့် သင်တန်းသားများ၊ မိတ္ထီလာ၊ ကျောက်ဆည်၊ ပြင်ဦးလွင် မြို့နယ်များမှ လယ်ယာဝန်ဆောင်မှုအသင်းဝင်တောင်သူများတက်ရောက် လေ့လာခဲ့ကြသည်။

ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကို ယခင်ထွန်စက်များနှင့် တွဲဖက် အသုံးပြုခဲ့သော သမာရိုးကျစက်ကိရိယာများထက် ပိုမိုသာလွန်ကောင်းမွန်သော စွမ်းအား မြှင့်သော နည်းပညာသစ်စက်ကိရိယာများ အသုံးပြုခဲ့သည်။ မြေပြုပြင်လုပ်ငန်းများလက်တွေ့ ဆောင်ရွက်မှုများကို နည်းပညာသစ်လယ်ယာသုံးစက်ကိရိယာများဖြစ်သော မြေခွဲကိရိယာ၊ ဟိုက်ဒရောလစ်စနစ်သုံး ဘယ်ပြန်၊ညာပြန်ထယ်ထိုးနိုင်သော သုံးသွားသိပ္ပံထယ်ကိရိယာ၊ အင်ဂျင်ပါဝါသုံးဒေါင်လိုက်ဓါးစက်ထွန်ကိရိယာများ ဖြင့် လက်တွေ့သရုပ်ပြသည်။

စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့်တောင်သူများ ခေတ်မီနည်းပညာအသုံးပြုနိုင်ရေး နည်းပညာပေး လုပ်ငန်းများနှင့်အတူ မျိုးစေ့ခြံများမှ မျိုးကောင်းမျိုးသန့်များ မျိုးပွားဖြန့်ဖြူး ပေးခြင်း၊ အကျိုးဆောင်တောင်သူများမှတဆင့် မျိုးပွားထုတ်လုပ်၍ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖူလုံစွာအသုံးပြုနိုင်ရေး၊ အရင်းအနှီးရရှိရေးနှင့် သီးနှံဈေးနှုန်းအာမခံချက်ရရှိစေရန် အကျိုးတူ ကန်ထရိုက် လယ်ယာစနစ် ဖော်ဆောင်နိုင်ရေးအတွက် ပုဂ္ဂလိကရင်းနှီးမြုပ်နှံသူများ နှင့် တောင်သူများ အကြား ညှိနှိုင်းပေါင်းစပ်ပေးခြင်း အပြင် တောင်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်မည့် လက်တွေ့အသုံးချသုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဝါနှင့်လျှော်မျှင်ထွက် သီးနှံဌာနခွဲ ဝါသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(ရွှေတောင်ခြံ)တွင် မျိုးသန့်အဆင့်အလိုက် မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ နှင့် သုတေသနတွေ့ရှိချက်အပေါ် တောင်သူနှင့်ဌာနဆိုင်ရာဝန်ထမ်းများအား ဆွေးနွေးပွဲနှင့်သင်တန်းများ ဆွေးနွေးပို့ချပေးခြင်း၊  နည်းပညာဖြန့်ဝေခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။            ဝါသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(ရွှေတောင်ခြံ)မှ ဝါမျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ခဲ့ရာတွင် ငွေချည်(၆)၊ ငွေချည်(၉)၊ ငွေချည်(၁၁)၊ ရွှေတောင်(၈) နှင့် ရွှေတောင်(၁၀) မျိုးများမှာ တောင်သူစိတ်ကြိုက်မျိုးများအဖြစ်အထူးထင်ရှားလျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် စစ်ကိုင်း၊ ပဲခူး ၊ မကွေး နှင့် မန္တလေးတိုင်းဒေသကြီးများရှိ ဝါစိုက်တောင်သူများထံသို့ ဝါမျိုးစေ့ ပိဿာချိန်စုစုပေါင်း တစ်သောင်းရှစ်ထောင်ကျော် ဖြန့်ဖြူးပေးခဲ့ကြောင်း သတင်း ရရှိသည်။